တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်ဖြူရှိ သန္တာမြီဘိုးဘွားရိပ်သာမှ ဘိုးဘွား ၂၉ ဦးအား ဓမ္မကြယ်စင်အဖွဲ့က မုန့်နှင့် ဆေးဝါးအသုံးအဆောင်များ သွားရောက်လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.2k

နိရဥ္စရာ ဇူလိုင် ၇ / ၂၀၂၂
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ သန္တာမြီဘိုးဘွားရိပ်သာမှ ခိုကိုးရာမဲ့ အဘိုးအဘွား ၂၉ ဦးအား ဓမ္မကြယ်စင်အဖွဲ့များနှင့် လုပ်ဖော်ကိုင်ဘက်ညီကိုမောင်နှမများက မုန့်၊ ဆေးဝါများနှင့် အခြားအသုံးအဆောင်များကို သွားရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဇူလိုင်လ ၆ ရက်တွင် မုန့်၊ ဆေးဝါးများအပါအဝင် ကိတ်ခြောက်၊ ကွေကာအုပ်၊ ခြောက်ဆွဲခြောက်၊ ရွှေရနံ့၊ ဆရာခို၊ မဟာဖြေဆေး၊ ပရုတ်လုံး၊ ဖိနပ်၊ ဖူဂျီဆပ်ပြာခရင်(မ်)၊ ဆပ်ပြာခဲနှင့် ဇူလိုင်လ ၅ ရက်တွင် မုန့်ခြောက်နှင့် ကော်ဖီထုပ်များကို သွားရောက်လှူဒါန်းခဲ့သည်ဟု ဓမ္မကြယ်စင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
"သန္တာမြီဘိုးဘွားရိပ်သာက အဖိုး၊ အဖွားတွေကို ကျွန်မက ဆွမ်းတစ်နပ်လှူဖို့အရင်ဆုံးစိတ်ကူးရှိတာပေါ့နော်။ ဒါပေမဲ့ ကျွန်မစဉ်းစားလိုက်တယ်။ ဆွမ်းဆိုရင် တစ်နပ်ပဲစားရမယ်။ ပြီးတော့ ကျွန်မက အဖိုး၊ အဖွားကိုမေးကြည့်လိုက်တယ်။ ဘာစားချင်လဲပေါ့။ မုန့်ခြောက်နဲ့ ကော်ဖီသောက်ချင်လို့ပြောကြတော့ ဇူလိုင်လ ၅ ရက်နေ့က ကော်ဖီနဲ့မုန့်ခြောက်လှူဖြစ်ခဲ့ပါတယ်။ မနေ့က ဇူလိုင်လ ၆ ရက်နေ့မှာကျတော့ အဖိုး၊ အဖွားတွေမှာ တကယ့်လိုအပ်တဲ့အရာတွေပေါ့နော်။ အဲဒါတွေကို သွားလှူဖြစ်ပါတယ်" ဟုပြောသည်။
သန္တာမြီဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများတွင် အသက် ၅၀ ကျော်မှ ၈၀ ကျော်အထိရှိကြပြီး ယင်းအနက် မျက်မမြင်အဘွား ၂ ဦး၊ ဆွံ့အနေသည့်အဘွား ၂ ဦးနှင့် သက်ကြီးလာ၍ ငယ်ပုံပြန်နေသည့်ဘိုးဘွားများလည်း ရှိကြောင်း သိရသည်။
အဆိုပါဘိုးဘွားရိပ်သာတွင် နေစရာအဆောင်များနှင့် ဘိုးဘွားများအတွက် အခြားအသုံးဆောင်ပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။
ဓမ္မကြယ်စင်အဖွဲ့သည် လွန်ခဲ့သည့် ၃ နှစ်ခန့်ကလည်း မြောက်ဦးမြို့ နာရေးကူညီမှုအသင်းတွင် ရေခဲခေါင်းတစ်လုံး သွားရောက်လှူဒါန်းခဲ့ဖူးသည်ဟု သိရသည်။
အဆိုပါအဖွဲ့ကို ပြီးခဲ့သည် ၅ နှစ်ခန့်က ပရဟိတကိုစိတ်ဝင်စားသူအချို့နှင့် အလှူအတန်းရက်ရောသူများဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် ၂၆ ဦးရှိသည်ဟု သိရသည်။ (NN-13)

ဆက်စပ် သတင်းများ