တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းရှိ ဦးရာဇ်မင်္ဂလာကြိုးတံတား ဝါဆိုလပြည့်နေ့ လူသွားလူလာများရာမှ ကျိုးကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k


နိရဥ္စရာ၊ ဇူလိုင် ၁၂ / ၂၀၂၂

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ရှိ ဦးရာဇ်မင်္ဂလာကြိုးတံတားသည် ဝါဆိုလပြည့်နေ့ ဘုရားကို လူသွားလူလာများရာမှ ကျိုးကျသွားခဲ့ပြီး အန္တရာယ်မဖြစ်စေရန် ယာယီ ပြုပြင်ကာ သွားလာနေကြရသည်ဟု သိရသည်။

 

တံတား၏ ပုဏ္ဏားကျွန်းမြို့ဘက်ခြမ်း ကမ်းစပ်နေရာတွင် ယနေ့ ဇူလိုင်လ ၁၂ ရက် ညနေ ၆ နာရီခွဲခန့်က ကျိုးကျသွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

 

ယနေ့ ဝါဆိုလပြည့်နေ့တွင် ဦးရာဇ်တော်ဘုရားသို့ ဘုရားဖူးများ လာရောက်မှုများပြားသည့်အတွက် ဝန်အားမခံနိုင်၍ကျိုးသွားခြင်းဖြစ်သည်ဟု မြို့ခံ ကိုနောင်နောင်က နိရဥ္စရာကို ပြောသည်။

 

"တံတားက သိပ်အများကျိုးသွားတာတော့ မဟုတ်ပါဘူး။ အရင်တစ်ခေါက်တုန်းက ကျိုးတဲ့နေရာက ကျိုးသွားတာပါ။ အဲဒီနေရာကို ဒေါက်ထောက်ထားတာလေ။ ဒီနေ့လပြည့်နေ့ဆိုတော့ ဘုရားလာကြတဲ့သူတွေလည်း ရှိတယ်။ အအေးလှူတဲ့သူတွေလည်း ရှိတယ်လေ"ဟု ပြောသည်။

 

ယခုဖြစ်စဉ်ကြောင့် ဘုရားဖူးများတွင် ထိခိုက်မှုမရှိခဲ့သလို လက်ရှိတွင် တံတားကို လူအများ သွားလာနိုင်စေရန် ယာယီပြုပြင်ပေးထားသည်ဟုလည်း သိရသည်။

 

အဆိုပါကြိုးတံတားသည် ကင်းချောင်းကိုဖြတ်သန်းကာ ပုဏ္ဏားကျွန်းမြို့နှင့် ရှေးဟောင်းသမိုင်းဝင် ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်သို့ ဆက်သွယ်ထားသည့်ကြိုးတံတားဖြစ်ပြီး ရခိုင်ပြည်အနှံ့မှ ဘုရားဖူးသူများနှင့် သူသွားလူလာများသော ကြိုးတံတားဖြစ်သည်။

 

၎င်းတံတားကို ကွန်ကရစ်တံတားအဖြစ် အဆင့်မြင့်တင်ရန်လိုအပ်နေသော်လည်း ခေတ်အဆက်ဆက် အစိုးရတာဝန်ရှိသူများက မျက်ကွယ်ပြုထားခဲ့ကြသည်ဟု ဒေသခံများက ပြောကြားသည်။

 

လက်ရှိ ကြိုးတံတားမှာ ခိုင်ခံ့မှုမရှိတော့၍ တံတားအသုံးပြုသူများနှင့် ဘုရားဖူးများ အန္တရာယ်ရှိနေသဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နံနက်က ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ထံ တံတားကို ပြန်လည် အသစ်တည်ဆောက်ပေးရန်  မြို့မိမြို့ဖများနှင့် ဒေသခံများက တောင်းဆိုခဲ့ဖူးသည်။

 

ယင်းတောင်းဆိုချက်ကို ပြန်လည်စိစစ်ကာ ဆောင်ရွက်ပေးမည်ဟု ဝန်ကြီးချုပ်က ပြောဆိုသွားခဲ့သော်လည်း လက်ရှိအချိန်ထိ ဆောင်ရွက်ပေးမှုမရှိသေးဟု မြို့ခံများက ပြောသည်။ (NN-13)

ဓာတ်ပုံ - နိရဥ္စရာနှင့် ဦးသန်းမြင့်

ဆက်စပ် သတင်းများ