တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

တောင်ကုတ် ကုလားရောင်ကျေးရွာတွင် မြစ်ကမ်းပြို၍ နေအိမ် ၄ လုံးဖြိုဖျက်လိုက်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k

နိရဥ္စရာ၊ ဇူလိုင် ၁၄/ ၂၀၂၂
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကုလားရောင်မြစ်ကမ်းဘေးရှိ ကုလားရောင်ကျေးရွာတွင် မြစ်ကမ်းပါးပြို၍ နေအိမ် ၄ လုံးကို ဖြိုဖျက်လိုက်ရသည်ဟု သိရသည်။
ဖြိုဖျက်လိုက်ရသည့်နေအိမ်များမှာ ဦးလှမြင့်၊ ဦးမန်လုံး၊ ဒေါ်ဝါချေနှင့် ဦးညီသိုက်တို့နေအိမ်များဖြစ်ကြသည်။
ယင်းအိမ်များကို ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၁ဝ နာရီခန့်က ဖြိုဖျက်ခဲ့ရခြင်းဖြစ်သည်ဟု ရွာသား ကိုမောင်ယေက နိရဥ္စရာကို ပြောသည်။
“မနေ့ညကနေ ၃ လုံးက အခြေအနေမကောင်းတော့ နည်းနည်းပါးပါးဖြိုဖျက်ထားပြီးသား။ ဒီနေ့မနက်တော့ နောက်ထပ် ၁ လုံးပါ ဖြိုဖျက်လိုက်ရတာ။ ကမ်းပါးပြိုလာတော့ ရေတွေဝင်လာတဲ့အခါ အိမ်ကို ဖျက်ထားလိုက်တဲ့သဘောပေါ့။ လူတွေဘာတွေတော့ ထိခိုက်မှုမရှိခဲ့ဘူး”ဟု ပြောသည်။
ဖြိုဖျက်လိုက်ရသည့်နေအိမ်များမှာ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ်များဖြစ်သည်။
လက်ရှိတွင် နေအိမ်များဖြိုဖျက်လိုက်ရသူများသည် ရွာအတွင်းရှိ မိသားစုဝင်များ၏နေအိမ်များတွင် ယာယီကပ်ခိုနေနေရသည်ဟု သိရသည်။
ကိုမောင်ယေက “မြစ်ကမ်းဘေးမှာ နောက်ထပ် အိမ်ခြေ ၃ဝ လောက်ရှိသေးတယ်။ အဲဒီအိမ်တွေလည်း အန္တရာယ်ရှိနေတယ်”ဟု ပြောသည်။
ပြီးခဲ့သည့်နှစ်ကလည်း အဆိုပါကျေးရွာတွင် မြစ်ကမ်းပါးပြို၍ နေအိမ် ၃ လုံးကို ဖြိုဖျက်ခဲ့ရသည်ဟု သိရသည်။
နေအိမ်ဆုံးရှုံးသွားသူများသည် မိမိအစီအစဉ်ဖြင့်နေရာသစ်တွင် ပြန်လည်ဆောက်လုပ်နေကြရပြီး အစိုးရထံမှ တစ်စုံတစ်ရာအကူအညီများမရရှိကြဟုလည်း ရွာသားများက ပြောသည်။
ကမ်းပြို၍ နေအိမ်ပျက်စီးဆုံးရှုံးသွားသူများကို နေရာသစ်တစ်ခုချပေးရန် ရွာသားက ပြီးခဲ့သည့် ၂ နှစ်ခန့်က အစိုးရထံတောင်းဆိုခဲ့ဖူးသော်လည်း ယနေ့အချိန်ထိ ထူးခြားမှုရှိမလာဟု ပြောကြသည်။
တောင်ကုတ်မြို့ ဂူတာရပ်ကွက်တွင်လည်း ဇူလိုင်လ ၂ ရက်ညက မိုးသည်းထန်ပြီး မြစ်ကမ်းပါးပြိုကျခဲ့မှုကြောင့် လူနေအိမ် ၄ လုံးနှင့် ကားဝပ်ရှော့တစ်ခု ပြိုကျပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။
Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ