တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ရခိုင်အနုပညာရှင် မိုနိုအဆိုတော် ဦးမောင်ကျော်သာ ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.5k

နိရဥ္စရာ၊ ဇူလိုင် ၁၅ / ၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့၊ နေပူခံရပ်ကွက်တွင်နေထိုင်သော ရခိုင်အနုပညာရှင် မိုနိုအဆိုတော် ဦးမောင်ကျော်သာသည် ယမန်နေ့က ကွယ်လွန်သွားသည်ဟု သိရသည်။
အသက် ၇၆ နှစ်အရွယ် ရခိုင်အနုပညာရှင် ဦးမောင်ကျော်သာသည် ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၆ နာရီတွင် ၉၆ ပါးရောဂါဖြင့် သူ၏နေအိမ်၌ ကွယ်လွန်သွားခြင်းဖြစ်သည်ဟု သိရသည်။
ဆရာကြီးဦးမောင်ကျော်သာသည် ရခိုင်မိုနိုတေးသီချင်းများအပြင် ဘုန်းကြီးပျံပွဲများတွင်လည်း ဒုန်းအကသင်ဆရာလုပ်ပြီး စိတ်သဘောထားကောင်းကာ ကြိုးစားသူတစ်ဦးဖြစ်၍ ရှားရှားပါးပါးအနုပညာရှင်တစ်ဦးဖြစ်သည်ဟု ရခိုင်ဟာသစာရေးဆရာနှင့် ဟာသသရုပ်ဆောင် ဗဂျီးကျော်(စစ်တွေ)က နိရဥ္စရာကို ပြောသည်။
"သူ့လိုပုဂ္ဂိုလ်တွေ ရခိုင်ပြည်နယ်အဆိုတော်ထဲမှာ ရှားရှားပါးပါးပေါ့။ ပြီးတော့ လူကလည်း စိတ်သဘောထားကောင်းတော့လေ။ သူငယ်ချင်းမိတ်တွေလည်း များတယ်။ သူ့လိုကြိုးစားတဲ့သူတွေ ရခိုင်ပြည်မှာအများကြီးလိုအပ်ပါတယ်။ ရခိုင်ပြည်ဂီတလောကမှာ ဒီလိုပညာရှင်တစ်ယောက် ဆုံးရှုံးလိုက်ရလို့ နှမြောတမ်းတမိပါတယ်။ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်” ဟုပြောသည်။
ဆရာကြီးသည် ရခိုင်မိုနိုတေးသီချင်းအများအပြားကို ရေးသားသီဆိုခဲ့သူဖြစ်ပြီး ရခိုင့်ယဉ်ကျေးမှုအကပညာရပ်တွင်လည်း ထူးချွန်သူတစ်ဦးဖြစ်သည်ဟုရခိုင်အဆိုတော် ခိုင်ကျော်လင်းက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
"ရခိုင့်ယဉ်ကျေးမှုအကနဲ့လည်း ထူးချွန်တယ်။ တေးရေး၊ တေးဆိုမှာလည်း ထူးချွန်တယ်။ ဘဝကို အနုပညာနဲ့ပူပင်စရာမရှိ၊ ရောင့်ရဲခြင်းတရားတွေနဲ့ အေးအေးဆေးဆေး လျှောက်လှမ်းတတ်တဲ့ဆရာ၊ ဆရာရဲ့ ဟန်ပန်အမူအယာတွေကို ကျနော်ပြန်မြင်ကြည့်မိပါတယ်။ ကျနော်မှတ်မိသလောက်ပါ။ နောက်ထပ်လည်း အများကြီးကျန်ပါဦးမယ်။ အသံကာလာက LEFT TONE နဲ့ သြဇာပြည့် ငြိမ့်ညောင်းတဲ့ VOCAL ပိုင်ရှင်ဖြစ်ပါတယ်။ ကောင်းရာသုဂတိ ဘုံဘဝသို့ရောက်ပါစေဆရာ"ဟု ရေးသားထားသည်။
ဆရာကြီး ဦးမောင်ကျော်သာ၏ရုပ်အလောင်းကို ယနေ့ ဇူလိုင်လ ၁၅ ရက် နေ့လယ် ၃ နာရီအချိန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။ (NN-13)

ဆက်စပ် သတင်းများ