တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မိုင်းထိလူနာ ၁ ဦးလျှင် ကျပ် ၂သိန်းစီလူကယ်ပြန်ကထောက်ပံ့ငွေ ရခိုင်မှမိုင်းထိလူနာများ မရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.3k


နိရဥ္စရာ၊ ဇူလိုင် ၁၆/၂၀၂၂
မိုင်းထိလူနာများကို ငွေ ကျပ် ၂ သိန်းစီထောက်ပံထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်က ပြောသော်လည်း ရခိုင်မှ မိုင်းထိလူနာများ ယင်းထောက်ပံ့ငွေများကို မရကြဟု သိရသည်။
ဇူလိုင် ၈ ရက်တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေး ဗဟိုဌာန (ARMAC)တို့ပူးပေါင်း၍ အာဆီယံဒေသတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများ ထောက်ပံ့ရေးကွန်ရက်တည်ထောင်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ညှိနှိုင်းအစည်းအဝေးတွင် ဒေါ်သက်သက်ခိုင်က "၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ယနေ့အထိ မိုင်းထိပြည်သူတစ်ဦးလျှင် နှစ်သိန်းနှုန်းဖြင့် ၆၉၂ ဦးအတွက် မိုင်းထောက်ပံ့ကြေး စုစုပေါင်း ငွေကျပ် ၁၃၈,၄ဝဝ,ဝဝဝ တိတိကို ထောက်ပံ့ပေးပြီးဖြစ်ကြောင်း" ပြောဆိုခဲ့သည်။
သို့သော် ရခိုင်မှ မိုင်းထိလူနာများအနေဖြင့် အစိုးရဌာနဆိုင်ရာများ၏ထောက်ပံမှုတစ်စုံတစ်ရာ မရရှိကြောင်း ပြောဆိုကြသည်။
ရသေ့တောင်မြို့နယ် သာစည်ကုန်းကျေးရွာမှ ဇွန်လအတွင်း မိုင်းထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လယ်သမား ဦးအေးစိန်ထွန်းနှင့် ဒေါ်အေးနုစိန်တို့ လင်မယားနှစ်ဦးသည် ယနေ့ ဇူလိုင်လ ၁၆ ရက် နေ့လယ်ပိုင်းအထိ အစိုးရထံမှ မည်သည့်ငွေကြေးမျှ ထောက်ပံ့ခြင်းမရှိသေးဟု သားဖြစ်သူ ကိုနေလင်းက နိရဥ္စရာက ပြောသည်။
“အစိုးရကတော့ ထောက်ပံ့တာမရှိသေးပါဘူး”ဟု ပြောသည်။
ဦးအေးစိန်ထွန်း(၅၂ နှစ်)နှင့် သူ၏ဇနီး ဒေါ်အေးနုစိန် (၄၇ နှစ်)တို့သည် ဇွန်လ ၁၇ ရက် နံနက် ၉ နာရီခွဲခန့်က ရွာအနောက်ဘက်ရှိ သူတို့ပိုင်ဆိုင်သည့်လယ်တွင် ကန်သင်းဆည်နေချိန် မိုင်းပေါက်ကွဲမှုဖြစ်၍ ထိခိုက်ဒဏ်ရရာ အပြင်းအထန်ရရှိခဲ့သူမျးာဖြစ်သည်။
အလားတူ မိုင်းထိဒဏ်ရာကြောင့် လက်ရှိ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာသစ်မှ မောင်မူချာရက်၏ဦးလေး ရော်ခီအာမောက်ကလည်း အစိုးရဌာနဆိုင်ရာများထံမှ တစ်စုံတစ်ရာ ထောက်ပံ့ပေးမှု မရရှိသေးဟု နိရဥ္စရာကို ပြောသည်။
"ကျွန်တော်တို့ ဒီ အစိုးရဌာနဆိုရာတွေဘက်က ဘာမှထောက်ပံ့တာမျိုးမရရှိသေးပါဘူး။ ICRC က ကျွန်တော်တို့ကို ဆေးဖိုးဝါးခ ၄ သိန်း လာထောက်ပံ့ထားတာရှိတယ်။ စစ်တွေမှာ နေထိုင်၊ စားသောက်ရတာ၊ ဆေးဖိုးဝါခနဲ့ ကျွန်တော်တို့အတွက် မလွယ်ကူပါဘူး"ဟု ပြောသည်။
ဇူလိုင်လ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာအနောက်ဘက်ရှိ လယ်ကွင်းအတွင်း နွားကျောင်းနေသည့် မူဆလင်ကလေးငယ် ၄ ဦးသည် မိုင်းနင်းမိခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယင်းအနက် ဒဏ်ရာပြင်းထန်သူ မောင်မူချာရက်သည် စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။
ယင်းအပြင် ချင်းပြည်နယ် ပလက်ဝမြို့တွင် မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့တက်ရောက်ကုသမှုခံယူနေရသော စစ်ဘေးရှောင်အမျိုးသမီး ဒေါ်ဝင်းခင်သည်လည်း အစိုးရထံမှ တစ်စုံတစ်ရာထောက်ပံ့မှုမရဟု မိသားစုဝင်တစ်ဦးက နိရဥ္စရာကို ပြောသည်။
"အစိုးရဆီက ထောက်ပံ့မှု တစ်စုံတစ်ရာရရှိတာ မရှိသေးပါဘူးဗျ"ဟု ပြောသည်။
ဒေါ်ဝင်းခင် (၃၈ နှစ်)သည် ပလက်ဝမြို့ ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းမှဖြစ်ပြီး ဇွန်လ ၂ဝ ရက် နံနက် ၉ နာရီကျော်တွင် ပလက်ဝမြို့နှင့် အဘောင်သားကျေးရွာအကြားရှိ တောထဲသို့ မျှစ်ရှာရန်သွားစဉ် မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူဖြစ်သည်။
ဆေးကုသမှုခံယူနေရသည့် မိုင်းထိလူနာများအား တစ်စုံတစ်ရာထောက်ပံ့ပေးထားခြင်းမရှိဘဲ ထောက်ပံ့ပေးထားသည်ဟု လူ/ကယ်/ပြန် ပြည်ထောင်စုဝန်ကြီးက အခမ်းအနားများတွင် ပြောဆိုနေခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေသည်ဟုလည်း မိုင်းထိလူနာများ၏မိသားစုဝင်များက ပြောဆိုနေကြသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ရှိသူများထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ကျောက်တော်မြို့နယ် ဝက်မှိုင်းကျေးရွာအနီးရှိတောင်တွင် မိုင်းပေါက်ကွဲ၍ သေဆုံးသွားသည့် ဦးသန်းစိန်မောင်အတွက် လူ/ကယ်/ပြန်က ထောက်ပံ့ငွေ ကျပ် ၃ သိန်းလာပေးခဲ့သည်ဟု သားဖြစ်သူ ကိုကျော်သန်းက နိရဥ္စရာကိုပြောသည်။
"အရင် မဆုံးခင်တုန်းကပေးတာတော့ မရှိခဲ့ဘူး။ အသက်ဆုံးပြီးမှတော့ လူကယ်/ပြန်ကတော့ ၃ သိန်းထောက်ပံ့ပေးတယ်" ဟု ပြောသည်။
ဦးသန်းစိန်မောင် (၄၅ နှစ်)သည် ဇူလိုင်လ ၁ ရက်က ရွာအနောက်ဘက်ရှိတောင်တွင် နွားပျောက်ရှာစဉ် မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရကာ နောက်တစ်နေ့တွင် စစ်တွေဆေးရုံ၌ သေဆုံးသွားခဲ့သူဖြစ်သည်။
ရခိုင်တွင် ယခု ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှ ဇူလိုင်လစောပိုင်းအထိ မိုင်းပေါက်ကွဲမှုကြောင့် ၇ ဦးသေဆုံးပြီး ၂ဝ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရ သိရသည်။
အလားတူ ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲ၍ လူပေါင်း ၄ဝ ကျော်သေဆုံးပြီး ၈ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု REC က ထုတ်ပြန်ခဲ့သည်။ (NN-7)

ဆက်စပ် သတင်းများ