တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မင်းပြားတွင် ယခုနှစ် မိုးအလွန်နည်း၍ ငါးရံ့မင်းပရိတ် ရွတ်ဖတ်ပူဇော်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 3.9k

နိရဥ္စရာ၊ ဇူလိုင် ၁၇ / ၂၀၂၂
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ယခုနှစ်မိုးအလွန်နည်းပါး၍ ဗုဒ္ဓဘာသာယုံကြည်မှုအရ ငါးရံ့မင်းပရိတ်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်ဟု သိရသည်။
ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ (တနင်္ဂနွေနေ့) နေ့လယ် ၂ နာရီတွင် မင်းပြားမြို့ရှိ ဓမ္မာရုံံ၌ မြို့ပေါ်မှ နာယကဆရာတော်ကြီး ၉ ပါးကို ပင့်ဖိတ်ကာ ရွတ်ဖတ်ပူဇော်ခဲ့ကြခြင်းဖြစ်သည်။
မင်းပြားမြို့နယ်အတွင်း ယခုနှစ် အလွန်မိုးခေါင်နေသဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု၏ယုံကြည်မှုအရ ရပ်မိရပ်ဖများနှင့်တိုင်ပင်ကာ ယခုကဲ့သို့စီစဉ်ခဲ့ရခြင်းဖြစ်သည်ဟု မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစိုးမင်းက နိရဥ္စရာ ကိုပြောသည်။
"ဒီနှစ် မိုးခေါင်ပြီးတော့ လယ်သမားတွေ လယ်ထွန်ရတာ လုံးဝအဆင်မပြေဘူး။ ပြီးတော့ လာမဲ့ နွေရာသီမှာလည်း သောက်ရေရှားလာနိုင်တယ်။ အခုမိုးရာသီက ရောက်လာပြီ။ မိုးရွာလည်း ရေမပါဘူးဖြစ်နေတယ်။ လွန်ခဲ့တဲ့ လေးငါး၊ ဆယ်ကိုးနှစ်ကလည်း တစ်ကြိမ်နှစ်ကြိမ်ဖြစ်ဖူးတယ်။ အဲတုန်းကလည်း ငါးရံ့မင်းပရိတ်တရားတော်နာလိုက်တာတော့ မိုးက တောက်လျှောက်ရွာလာတယ်။ အဲ့လိုအတွေ့အကြုံတွေရှိခဲ့ပါတယ်" ဟု ပြောသည်။
ငါးရံ့မင်းပရိတ်ကိုရွတ်ဖတ်ပူဇော်ခဲ့ကြသည့်ဆရာတော်ကြီးများမှာ ချောင်းရှည်ကျောင်းဆရာတော်၊ ဓမ္မိကာရုံဆရာတော်၊ ဇယသုခ ဆရာတော်၊ ရတနာမွန်ဆရာတော်၊ ရတနာ့ဗိမာန်ဆရာတော်၊ ဓမ္မပီယဆရာတော်၊ ဓညဝတီကျောင်းဆရာတော်၊ အောင်မြေကုန်းဆရာတော်နှင့် အောင်မြေရတနာဆရာတော် တို့ဖြစ်ကြသည်။
မင်းပြားမြို့တွင် လွန်ခဲ့သည့် ၂ဝဝ၃ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့တွင်လည်း မိုးခေါင်ခဲ့သည့်အတွက် ငါးရံ့မင်းပရိတ်တော်ကို ယခုကဲ့သို့ ရွတ်ဖတ်ပူဇော်ခဲ့ဖူးသည်ဟု သိရသည်။ (NN-13)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ