တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မာန်အောင် KBZ ဘဏ်ဝန်ထမ်းအမျိုးသမီးနှစ်ဦး ငွေကျပ်သိန်း ၁၈ဝဝ ကျော် အလွဲသုံးစားလုပ်မှုဖြင့် အမှုဖွင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.8k

နိရဥ္စရာ၊ ဇူလိုင် ၁၈/၂၀၂၂
ရခိုင်ပြည်နယ် မာန်အောင်မြို့ရှိ KBZ ဘဏ်မှ ဝန်ထမ်းအမျိုးသမီးနှစ်ဦးသည် ငွေကျပ်သိန်း ၁၈ဝဝ ကျော်အလွဲသုံးစားလုပ်မှုဖြင့် အမှုဖွင့်ခံထားရသည်ဟု မာန်အောင်မြို့မရဲစခန်းမှ သိရသည်။
အမှုဖွင့်ခံထားရသူများမှာ မာန်အောင်မြို့ KBZ ဘဏ်ခွဲမှ အသက် ၂၉ နှစ်နှင့် ၃၁ အရွယ် အကြီးတန်းစာရေး အမျိုးသမီးနှစ်ဦးဖြစ်သည်။
သူတို့နှစ်ဦးသည် ဘဏ်အကောင့်ထဲမှ ငွေကျပ်သိန်းထောင်ချီ အလွဲသုံးစားလုပ်သည်ဟုဆိုကာ ငွေအလွဲသုံးစားလုပ်မှုပုဒ်မ ၄ဝ၈၊ လက်မှတ်အတုလုပ်မှုပုဒ်မ ၄၆၈ တို့ဖြင့် ဇူလိုင်လ ၁၆ ရက်တွင် အမှုဖွင့်ခံထားရခြင်းဖြစ်သည်ဟု မာန်အောင်မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးထွန်းနိုင်က နိရဥ္စရာကို အတည်ပြုပြောသည်။
“ဘဏ်က အကောင့်ထဲက ပိုက်ဆံတွေအလွဲသုံးစားလုပ်တယ်ပေါ့ဗျာ။ အဲဒါလေးတွေ။ ကျန်တဲ့ဟာတွေကိုတော့ စိစစ်နေပါတယ်။ အမှုကတော့ ဖွင့်ထားပါတယ်”ဟု ပြောသည်။
သူတို့နှစ်ဦးသည် ဘဏ်အကောင့်ပိုင်ရှင် ၉ ဦးထံမှ ဘဏ်ခွဲတာဝန်ခံခွင့်ပြုချက်မရှိဘဲ ငွေကျပ်သိန်း ၁၈၃၅ သိန်းအား အလွဲသုံးစားပြုလုပ်ကြောင်း စစ်ဆေးတွေ့ရှိရ၍ အရေးယူပေးရန် မာန်အောင်ဘဏ်ခွဲတာဝန်ခံက လာရောက်တိုင်ကြားလာခြင်းဖြစ်သည်ဟု စခန်းမှူးက ဆက်ပြောသည်။
“သူတို့ ဘဏ်ငွေအဝင်အထွက်တွေကို စိစစ်မှာပေါ့။ စိစစ်ရင်းနဲ့ Error လေးတွေတော့ စိစစ်ရင်းကနေ အဲလိုတွေ့တဲ့သဘောပေါ့”ဟု ပြောသည်။
အမှုဖွင့်ခံရသူများမှာ မာန်အောင်ဇာတိဖြစ်သည်ဟုလည်း သိရသည်။
သူတို့ကိုအမှုဖွင့်ထားသည့်ပုဒ်မများသည် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်သည်ဟု သိရသည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ