တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ရန်ကုန်တွင် ကျောင်းတက်နေသည့် ရခိုင်မှ Grade 10 ကျောင်းသူ ၅ ရက်ကြာ ပျောက်ဆုံးနေ၍ မိသားစုများ စိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရဥ္စရာ၊ ဇူလိုင် ၂၃ / ၂၀၂၂
ရန်ကုန်တွင် Grade 10 တက်နေသည့် ရခိုင်ပြည်နယ်မှ ကျောင်းသူ ၁ ဦးပျောက်ဆုံးသွားပြီး ၅ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး၍ မိသားစုများ စိုးရိမ်နေကြသည်ဟု သိရသည်။
ပျောက်ဆုံးသွားသူမှာ ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ်ရှိ စွယ်စုံကိုယ်ပိုင်အထက်တန်းကျောင်းတွင် Grade 10 အတွဲ(၇) ဇီဝဘာသာတွဲကိုတက်နေသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မလင်းလဲ့ရွှေရည်(ခေါ်)မမေပြည့်ဖြိုးဖြစ်သည်။
သူမသည် ထောက်ကြန့်မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေ(၅)လမ်းရှိ အဒေါ်ဖြစ်သူဒေါ်ကျော့စန္ဒာမြင့်နှင့်အတူနေထိုင်စဉ် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီခန့်က အိမ်တွင် လူမရှိခိုက် နေအိမ်မှ တစ်ဦးတည်းထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
အဒေါ်ဖြစ်သူဒေါ်ကျော့စန္ဒာမြင့်က “စိုးရိမ်ကြောင့်ကြတာပေါ့ရှင်။ တူမတစ်ယောက်ပျောက်တယ်ဆိုတော့ သူ့ကို အမြန်ဆုံးတွေ့ချင်တာပေါ့”ဟု ပြောသည်။
ပျောက်ဆုံးသွားသည့် မလင်းလဲ့ရွှေရည်သည် ယခင်က မင်းပြားမြို့နယ် မေလွမ်းကျေးရွာတွင် အဖွားဖြစ်သူနှင့်အတူ နေထိုင်ခဲ့ပြီးနောက် စိတ်မချ၍ ရန်ကုန်သို့ ပြီးခဲ့သည့် ဧပြီလမှစတင်ခေါ်ယူကာ ရန်ကုန်တွင်ကျောင်းထားပေးထားခြင်းဖြစ်သည်ဟု ဒေါ်ကျော့စန္ဒာမြင့်က နိရဥ္စရာကို ဆက်ပြောသည်။
“အရင်တော့ သူ ရွာပြန်ချင်တယ်လို့ ပြောပါတယ်။ ရွာပြန်ချင်လို့ပြောတော့ ရွာမှာက အဖွားနဲ့တော့ စိတ်မချလို့ ဒီကိုခေါ်ထားတာပါ။ ကျောင်းလည်း တက်နေပါပြီ။ ကျောင်းတက်နေတော့လည်း အေးဆေးဖြစ်နေပါပြီ”ဟု ပြောသည်။
သူမ၏ မိခင်မှာ ပြည်ပတွင်အလုပ်လုပ်နေသည်ဟုလည်း သိရသည်။
ယခုပျောက်ဆုံးမှုကို ထောက်ကြန့်မြို့နယ်ရဲစခန်းတွင် လူပျောက်မှုဖြင့် တိုင်ကြားထားသော်လည်း ယနေ့အထိ ထူးခြားမှုမရှိသေးဟု သိရသည်။
ပျောက်ဆုံးနေသည့် မလင်းလဲ့ရွှေရည်ကို တွေ့ရှိပါကလည်း ဒေါ်ကျော့စန္ဒာမြင့် ဖုန်း - 09754633315၊ 09450044158 နှင့် 0943153599 တို့ထံ ဆက်သွယ်အကြောင်းကြားနိုင်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကလည်း ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့် တက္ကသိုလ်တက်နေသည့် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်မှ ကျောင်းသူ ၁ ဦးသည် ကမာရွတ်မြို့နယ် လှည်းတန်းသို့ တစ်ဦးတည်းသွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။
ထိုပျောက်ဆုံးမှုကိုလည်း ကမာရွတ်မြို့နယ်ရဲခန်းတွင် မိသားစုဝင်များက လူပျောက်အမှုဖြင့်တိုင်ကြားထားသော်လည်း ယနေ့အချိန်ထိ စုံစမ်းဖော်ထုတ်ပေးနိုင်ခြင်းမရှိသေးဟု သိရသည်။
ဓာတ်ပုံ - ပျောက်ဆုံးနေသည့် မလင်းလဲ့ရွှေရည်(ခေါ်)မမေပြည့်ဖြိုးကို တွေ့ရစဉ်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ