တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ကားလမ်းအပိတ်ခံထားရသည့် ရသေ့တောင်သို့ ကုန်ပစ္စည်းများကို ရေလမ်းမှကန့်သတ်ချက်ဖြင့် သယ်ယူနေရ၍ ကုန်စျေးနှုန်းများ မြင့်တက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.6k


နိရဥ္စရာ၊ ဇူလိုင် ၂၃/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့အကြား နှစ်ဘက်စစ်ရေးအခြေအနေတင်းမာလျက်ရှိသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ကားလမ်းကြောင်းပါအပိတ်ခံထားရသည့်အပြင် ရေလမ်းကြောင်းကပါ ကုန်ပစ္စည်းများကို ကန့်သတ်ချက်များဖြင့် သယ်ယူနေရသဖြင့် ကုန်စျေးနှုန်းများ မြင့်တက်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို စစ်ကောင်စီဘက်က ပိတ်ထားသည်မှာ ၁ လခန့်ကြာမြင့်နေ၍ ကုန်ပစ္စည်းများကို စစ်တွေမှ ရသေ့တောင်သို့ ရေလမ်းကြောင်းဖြင့် သယ်ယူနေရသည်ဟု သိရသည်။
ယင်းသို့သယ်ယူရာတွင်လည်း ဆောက်လုပ်ရေးပစ္စည်းနှင့် ဆေးဝါးအချို့ကို နယ်လုံဝန်ကြီးလက်မှတ်ပါမှသာ သယ်ယူခွင့်ရပြီး အစစ်အဆေးတင်းကျပ်မှုများနှင့် စက်လှေဖြင့်သယ်ယူနေရသည့်အတွက် ကုန်ကျစရိတ်များသဖြင့် ကုန်စျေးနှုန်းများ ပိုမိုမြင့်တက်လာရခြင်းဖြစ်ကြောင်း ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။
"ဘာကြောင့်လဲဆိုတော့ ပြည်မဘက်နဲ့ ဒီဘက်မှာ အစစ်အဆေးတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲလာတာက အဓိကပေါ့။ စစ်တွေ- ရသေ့တောင်ကားလမ်းကလည်း မဖွင့်နိုင်သေးဘူး။ အဲဒီက ဟင်းသီးဟင်းရွက်တွေ၊ ပစ္စည်းတွေ ယူရတာကလည်း တစ်ခုမှလွယ်ကူတာမရှိဘူး။ ကုန်စျေးနှုန်းတက်တာကလည်း စက်လှေနဲ့ဆိုတော့ သယ်ယူစရိတ်တွေကလည်း များလို့လေ" ဟုုပြောသည်။
ရသေ့တောင်မြို့ပေါ်တွင် အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီ ၁၀ ဂါလံကို ၁ သိန်းကျပ်ဝန်းကျင်၊ ကြက်သွန်နီတစ်ပိသာကို ၂ ထောင်ကျပ်ဝန်းကျင်နှင့် ကော်ဖီမစ်အထုပ်ကြီး ၁ တစ်ထုပ်လျှင် ကျပ် ၅၀၀၀၊ ၆၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူသုံးစွဲနေရသည်ဟု မြို့ခံများက ပြောသည်။
အလားတူ အောက်တိန်းနှင့် ဓာတ်ဆီတစ်လီလာလျှင်လည်း ကျပ် ၃၀၀၀ ကျော်ဝန်းကျင်ဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း ဒေသခံများက ပြောသည်။
လက်ရှိရသေ့တောင်မြို့ထဲနှင့် မြို့အဝင်အထွက်များတွင် စစ်တပ်ကနေရာယူထားပြီး မြို့အဝင်ချောင်းတွင်လည်း ဇက်ရေယာဉ်များဖြင့် စက်လှေအဝင်အထွက်များကို တင်းကျပ်စွာစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
ရသေ့တောင်မြို့ခံတစ်ဦးက "ရသေ့တောင်နဲ့ ရိက္ခာသယ်ယူတဲ့ လမ်းကြောင်းတွေအားလုံးပြတ်တောက်နေတယ်။ နယ်ကလူတချို့လည်း ရသေ့တောင်ကို စျေးလာဝယ်ကြတာ ရပ်စဲသွားကြတာတွေလည်းရှိတယ်။ ကားလမ်းကိုလည်း ပိတ်ထားတယ်၊ ရေကြောင်းကိုလည်း ပစ္စည်းသယ်ယူတာ ကန့်သတ်တာတွေကလည်း အရင်ကထက်များလာတယ်ဆိုတော့ အခုဆိုရင် မြို့အနေနဲ့ ကုန်စျေးနှုန်းတွေထိခိုက်တာတွေ အများကြီးရှိတယ်။ ပစ္စည်းပြတ်လပ်မှုတွေလည်း ဖြစ်လာတယ်" ဟုပြောသည်။
ပြီးခဲ့သည့်ဇူလိုင်လ ၁၈ ရက်နေ့က ရသေ့တောင်မြို့အပြင်ဘက်တွင်ရှိသည့် ပြားချောင်းကြီးကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းတစ်ခုဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှစ၍ ဒေသခံအများအပြားမှာ ကြောက်လန့်စိုးရိမ်မှုများဖြစ်ကာ နှစ်ဘက်စစ်ရေးအခြေအနေများကိုလည်း ဒေသခံများမှာစိုးရိမ်မှုရှိသဖြင့် အနီးအနားရှိကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လာနေခဲ့ကြောင်း သိရသည်။
ထို့နောက်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့၊ ညအချိ်န်မှစ၍ ရသေ့တောင်မြို့ပေါ်တွင် စစ်ကောင်စီတပ်မျက နေရယူတပ်စွဲထားမှုများရှိနေပြီး မြို့ထဲတွင်လှည့်လည်သွားလာမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ (NN-8)
ဓာတ်ပုံ - ရသေ့တောင်မြို့ ဆိပ်ကမ်းအား ယခင်က တွေ့ရစဉ်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ