တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့ ရပ်ကွက်တခုတွင် ဧည့်စာရင်းတိုင်ကြားရာ၌ လူတစ်ဦးချင်းစီအလိုက်ငွေကြေးပေးဆောင်နေရ၍ လက်လုပ်လက်စားများမိသားစုများအနေဖြင့် အခက်တွေ့နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.2k

နိရဥ္စရာ၊ ဩဂုတ် ၂/၂၀၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ကလာဘာတောင်ရပ်ကွက်ရှိ မြကန်သာရွာတွင် နေထိုင်သူများအနေဖြင့် ဧည့်စာရင်းတိုင်ကြားရာတွင် လူဦးရေအလိုက်ငွေကြေးပေးဆောင်ရသဖြင့် လက်လုပ်လက်စား မိသားစုများအနေဖြင့် အခက်အခဲ ရှိနေကြရသည်ဟု သတင်းရရှိသည်။

ကလာဘာတောင်ရပ်ကွက်ရှိ  မြကန်သာနေရာတွင် လွန်ခဲ့သည့် ၁၈ နှစ်ခန့်ကစတင် နေထိုင်လာခဲ့ကြပြီး လက်ရှိတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီဖြစ်သော်လည်း ကျူးကျော်ဟာဆိုကာ လူနေအိမ်ရပ်ကွက် အဖြစ် သက်ဆိုင်ရာက တရားဝင်သတ်မှတ်ပေးခြင်းမရှိ၍ ဧည့်စာရင်းတိုင်ကြားနေရခြင်းဖြစ်ကာ တိုင်ကြားမှု အတွင်း  လူတစ်ဦးချင်းစီအလိုက် ွေကြေးကောက်ခံနေသဖြင့် လူဦးရေများသော မိသားစုများ အနေဖြင့် အခက်ကြုံနေကြရခြင်း ဖြစ်သည်။

အမည်မဖော်လိုသူ မြကန်ရွာသားတစ်ဦးက "ကျနော်တို့  ဆင်းရဲသူဆင်းရဲသား လက်လုပ်လက်စားတွေ နေထိုင်တဲ့နေရာပါ။  အခု ဧည့်စာရင်းတိုင်ရင် တစ်အိမ်ကို ၁၀၀၀ တောင်မဟုတ်ဘူး။ တစ်အိမ်မှာ လူ ယောက်ရှိရင် ၀၀၀၊ ၁၂ ယောက်ရှိတဲ့ အိမ်တွေလည်း ရှိတယ်။ ၁၂ ယောက်ရှိတဲ့အိမ်ဆို ၁၂၀၀၀ ကောက်ပါတယ်။ အဆုံးမှာ အဆိုးဆုံးက ကိုယ်ဝန်သည်မိခင်ဆိုရင်  မိခင်အတွက် ၁၀၀၀၊ ဗိုက်က ကလေးအတွက် ၅၀၀ ကောက်ပါတယ်" ဟု ပြောသည်။

ထိုငွေများကို ကလာဘာတောင်ရပ်ကွက်ဥက္ကဋ္ဌကဧည့်စာရင်းတိုင်ကြားသည့်အခါ ကောက်ခံသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဇူလိုင် ၂၆ ရက်နေ့ ညအချိန်တွင် ကျောက်ဖြူ အခြေစိုက် ခမရ (၅၄၂)တပ်ရင်း၊ ခလရ (၃၄ ) တပ်ရင်းတို့က စစ်သားများနှင့် အတူ ရဲ၊ လဝကဝန်ထမ်းများသည်  ကလာဘာတောင်ရပ်ကွက်ဥက္ကဋ္ဌ ကို ခေါ်ယူပြီး  မြကန်သ ရပ်ကွက်သို့ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး  အမျိုးသား ၁၈ ဦးကို ဧည့်စာရင်း မတိုင်ကြား၍ဟုဆိုကာ ဖမ်းဆီးခဲ့သည်။

၎င်းဖမ်းဆီးခံရသူများမှာ မြကန်သာတွင် နေထိုင်သည့် သာမာန်လက်လုပ် လက်စားများဖြစ်ကြသဖြင့် ဖမ်းဆီးပြီး နောက်တစ်နေ့  ဇူလိုင်လ ၂၇ ရက်နေ့တွင် ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟုသိရသည်။

ယင်းနောက်ပိုင်းမှ စ၍ ဧည့်စာရင်းမတိုင်သူများကို ဖမ်းဆီးမည်ဆိုသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင် ဧည့်စာရင်းတိုင်ကြားရာတွင် အိမ်ထောင်စုအလိုက်မဟုတ်ဘဲ လူဦးအရေလိုက် တစ်ဦးကို ၁၀၀၀ ကျပ် ကောက်ခံနေသဖြင့် တစ်နေ့လုပ်မှ တစ်နေ့စားနေရသည့် မိသားစုအများအပြားမှာ အခက်တွေ့နေကြရသည်ဟု မြကန်ရွာသားများက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ဧည့်စာရင်းမတိုင်ကြားရ၍ တစ်ည အဖမ်းဆီးခံခဲ့ရသူတစ်ဦးက  " ဇူလိုင် ၂၆ ရက်နေ့ ညက ဗလိုင်းပြီးဝင်ဖမ်းတာ  အိမ်ကိုဝင်ပြီး အိပ်နေတာကိုဖမ်းတာပါ။ သန်းခေါင်စာရင်းလည်းပြနိုင်တယ်။ ဥက္ကဋ္ဌ ဆီကပေးထားတဲ့ အိမ်ထောင်စုတွေလည်းပြနိုင်တယ်။ မှတ်ပုံတင်လည်း ပြတယ်။ ဒါကိုဧည့်စာရင်းမတိုင်လို့ဆိုပြီး တက်ဖမ်းတာ။ နောက်တနေ့ မနက် ခံဝန်နဲ့ပြန်လွတ်လိုက်တယ်ဟု ၎င်းက ပြောဆိုသည်။

နေရာတစ်ခုတွင် ၁၈ နှစ်နီးပါး နေလာပြီး အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များကို ပြနိုင်ပါလျှက် ဖမ်းဆီးခြင်း၊ ဧည့်စာရင်းတိုင်ကြားခြင်းများကို ပြုလုပ်ခြင်းနေခြင်းမှာ ဆင်းရဲသူ ဆင်းရဲသားများကို အနိုင်ကျင့်နေသည့် ပုံစံဖြစ်နေပြီး ဥပဒေကို လိုသည်ထက် ပိုမို အသုံးချနေခြင်းဖြစ်သည်ဟု ဆိုသည်။

ကျွန်တော်တို့ကို လွှတ်လိုက်တော့ မြို့မ စခန်းမှူးကို ပိုက်ဆံပေးရမလားလို့ မေးတော့ သူက ပေးစရာမလိုဘူးလို့ပြောတယ်။ အပြင်ရောက်တော့ အဖမ်းခံရသူ ၁၈ ယောက်ကို တစ်ယောက်ကို ၅၀၀၀ စီတောင်းပါတယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးက စခန်းမှူးကိုသွားမေးတော့ ပေးစရာမလိုဘူးလို့ပြောလိုက်တယ်။ အဲ့ဒါကြောင့် ဘယ်သူမှပေးစရာမလိုလိုက်ဘဲ ပြန်လွတ်လာတယ်။ ပြန်ရောက်တာနဲ့ သူ (ဥက္ကဋ္ဌ) က အားလုံးသူကို ဘာပြောလဲဆိုတော့ ဧည့်စာရင်းမတိုင်ရင် နောက် ဒီထက်ဆိုးတာတွေ ဖြစ်လာမယ်။ နောက်ထပ် ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဆိုတော့ တစ်ရွာလုံးကကြောက်ပြီး ဧည့်သွားတိုင်ရပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ငွေကြေးကောက်ခံသည့်ကိစ္စများနှင့်ပတ်သက်၍ ကလာဘာတောင်ရပ်ကွက်ဥက္ကဋ္ဌကို  နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ သူအနေဖြင့် ရဲစခန်းသွားရ၊ စစ်သားများလာလျှင်လည်း နောက်က လိုက်ရ၊ လော်စပီကာငှားပြီး ဧည့်စာရင်းတိုင်ရန် ကြေညာမှုများ ပြုလုပ်ရသဖြင့် ငွေကြေးအကုန်အကျများ၍ ၎င်းငွေကို ကောက်ခံရခြင်းဖြစ်ကြောင်း ပြောကြားသည်။

"ကျနော်တို့  ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးကိုသာ မေးကြည့်လိုက်ပါ။ ကျနော်တို့ဘယ်လောက် အခက်အခဲနဲ့ရင်ဆိုင်နေရလဲဆိုတာ အားလုံးသူ သိကြပါတယ်။ ဧည့်စာရင်းတိုင်ကြပါလို့ ကျနော် တခါအော်ခိုင်းရင် ကားခ၊ ဆီခ သူတို့တို့ကို ၁၅၀၀၀ ပေးရပါတယ်။ ဧည့်စာရင်းတိုင်ဖို့ လေးခါ အော်လည်း မတိုင်၊ ခါအော်လည်းမတိုင် ဖမ်းရင် သူတို့ တစ်ကျပ်မှမကုန်ဘူး။ ကျနော်သာ ကားငှားရ၊ ဟိုသွားရ၊ ဒီလာရ။ ပိုက်ဆံတွေ ကုန်ရတယ်။ ကျနော်လည်း မတတ်နိုင်ဘူး။ ဒီတော့ ဧည့်စာရင်းတိုင်ရင် ပိုက်ဆံကောက်ရတာဖြစ်တယ်ဟု ပြောဆိုသည်။

၎င်းပြင် ကိုယ်ဝန်ဆောင်များကို ပိုက်ဆံ ၅၀၀ တိုးကောက်ရခြင်းမှာလည်း ကိုယ်ဝန်ဆောင်စာရင်း တင်ရာတွင် ကုန်ကျမှုများရှိနေ၍ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကိုယ်ဝန်ဆောင်စာရင်းသွားတင်ရင် ဒီအတိုင်း တင်လို့ မရဘူး။ ီလိုအခက်အခဲတွေ အများကြီး ရှိပါတယ်။ ငွေထုတ်ဖို့သွားရင်  လမ်းစရိတ်တွေ ကုန်ကျတယ်။ အခု ၅၀၀/၁၀၀၀ ပေးရတာကို သူတို့ တိုင်တယ်ဆိုတာက မနာလိုမုန်းတီးမှုတွေကြောင့် ပြောကြတာပါ။ ဧည့်စာရင်းတိုင်ရလို့ စိတ်ဆိုးပြီး ပြောကြတာဖြစ်တယ်" ဟုပြောသည်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစကာ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ ဧည့်စာရင်းစစ်ဆေးမှုများအား ပြန်လည်ပြုလုပ်လာခဲ့သဖြင့် ပြည်သူများ အနေဖြင့်အခက်အခဲများနှင့် ယခုလို ကြုံနေကြရခြင်းဖြစ်သည်။  

ရခိုင်ပြည်နယ်တွင် ဧည့်စာရင်းစစ်ဆေးမှုကို စစ်ကောင်စီထိန်းချုပ်ရာ မြို့၊ ရပ်ကွက်နှင့် ကျေးရွာများတွင် မကြာခဏ ပြုလုပ်နေပြီး ဧည့်စာရင်း စစ်ဆေးမှုကို  အကြောင်းပြပြီး  ULA/AA တပ်ဖွဲ့ဝင်များကို ရှာဖွေစစ်ဆေးမှုများ၊ ဆက်စပ်သံသယရှိသူတို့၏ နေအိမ်များကို ဝင်ရောက်ရှာဖွေစစ်ဆေးခြင်းနှင့် ဖမ်းဆီးမှုများကိုလည်း ဆက်တိုက်ရှိနေ၍ ဧည့်စာရင်းဝင်ရောက်စစ်ဆေးမည်ကို ရခိုင်ရှိ လူတိုင်း စိုးရိမ်ကြောက်နေကြရသည်ဟု ဒေသခံများက ပြောသည်။ (NN-7)

ဆက်စပ် သတင်းများ