တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မလေးရှားသို့အလုပ်လုပ်ရန်သွားသည့် ရခိုင်မှ တက္ကသိုလ်ကျောင်းသား ၁ ဦး ကားပေါ်တွင် အသက်ရှူကျပ်၍သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 2.1k

နိရဥ္စရာ၊ ဩဂုတ် ၃ /၂၀၂၂
မလေးရှားနိုင်ငံသို့အလုပ်လုပ်ရန်သွားသည့် ရခိုင်မှတက္ကသိုလ်ကျောင်းသား ၁ ဦးသည် ကားပေါ်တွင် အသက်ရှူကျပ်၍သေဆုံးသွားသည်ဟု သိရသည်။
သေဆုံးသူသည် ဘူးသီးတောင်မြို့နယ် ကျိန်ကျောင်ကျေးရွာမှ ဦးသိန်းစိုးအေးနှင့် ဒေါ်မလှယဉ်တို့၏ အငယ်ဆုံးသားဖြစ်သူ အသက် ၂၉ နှစ်အရွယ် ကိုကိုနိုင်ဖြစ်ပြီး အဝေးသင် တတိယနှစ် မြန်မာစာမေဂျာကျောင်းသားဖြစ်သည်ဟု သိရသည်။
သေဆုံးသွားသူ ကိုကိုနိုင်သည် လူ ၃၄ ဦးပါသည့်ဟိုင်းဂျတ်ကားတစ်စီးဖြင့် မလေးရှားသို့သွားစဉ် ကားပေါ်တွင် အသက်ရှူကျပ်၍ ဇူလိုင်လ ၃ဝ ရက် ညဥ့် ၂ နာရီတွင် မလေးရှားနယ်စပ်၌ သေဆုံးသွားခြင်းဖြစ်သည်ဟု အစ်ကိုဖြစ်သူ ကိုကျော်ကျော်နိုင်က နိရဥ္စရာ ကိုပြောသည်။
"သူထွက်သွားတော့ ဝမ်းကွဲညီကိုနှစ်ယောက်နဲ့အတူထွက်သွားတာလေ။ လူတွေကအရမ်းကျပ်တဲ့အခါ၊ သူအသက်ရှူတစ်ခေါက်ကျပ်လို့ဆိုပြီးတော့ လေဝင်ပေါက်ရမဲ့နေရာမှာထိုင်ခိုင်းကြတယ်တဲ့။ သူသက်သာသွားပြီး ပုံမှန်ဖြစ်သွားတယ်တဲ့။ ပြီးတော့ မလေးရှားနယ်စပ်ရောက်တော့ ကားချိန်းရတဲ့အချိန် နောက်တစ်ကား ရောက်သွားတော့ သူကားပေါ်ရောက်မလာလို့သွားကြည့်တဲ့အချိန် သေနေပြီလို့ ဝမ်းကွဲ ညီကို(၂)ယောက်က ကျွန်တော့်ကိုပြောပါတယ်" ဟုပြောသည်။
သေဆုံးသူ၏အလောင်းကို ထိုနေရာတွင် ထားခဲ့ရပြီး ဝမ်းကွဲညီအစ်ကို နှစ်ဦးမှာလည်း ယင်းနေရာတွင် ကျန်ခဲ့လျှင် အဖမ်းခံရမည်ဖြစ်၍ ကားဖြင့်ခရီးဆက်ခဲ့ရသည်ဟု ကိုကျော်ကျော်နိုင်က ပြောဆိုသည်။
"ကျွန်တော်တို့ ပွဲစားတွေနဲ့စုံစမ်းကြည့်တော့ ကားသမားတွေ သင်္ဂြိုလ်လိုက်တဲ့ပုံစံပြောတယ်။ ညီအစ်ကို ၄ ယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ အချစ်ဆုံးညီငယ်လေးတစ်ယောက်ဆုံးရှုံူးရတဲ့အတွက် ပြောမပြတတ်အောင် ခံစားရပါတယ်။ စိတ်မကောင်းဖြစ်ရပါတယ်" ဟုပြောသည်။
သေဆုံးသွားသူ ကိုကိုနိုင်သည် ယခင်က လယ်ယာလည်းလုပ်ခဲ့သလို ပန်းရံလည်းလုပ်ပြီါ် တက္ကသိုလ်တက်ခဲ့သူဖြစ်ပြီး အိမ်ထောင်ကျသည်မှာလည်း ၁ နှစ်ကျော်ခန့်သာရှိသေးသည်ဟု သိရသည်။
မလေးရှားသို့ အလုပ်လုပ်သွားလုပ်ရန် မိခင်ဖြစ်သူအား မရမကပူဆာသည့်အတွက်ကြောင့် လွှတ်လိုက်ရခြင်းဖြစ်သည်ဟုလည်း သိရသည်။
သဘာဝဓာတ်ငွေ့များနှင့် သဘာဝသယံဇာတများပေါကြွယ်ဝသည့် ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိကြသည့်အတွက် မလေးရှားနှင့်ထိုင်းသို့ ထွက်ခွာကာ ရွှေ့ပြောင်းသွားရောက်လုပ်ကိုင်သူ များပြားလျက်ရှိသည်ဟု သိရသည်။
ယင်းသို့ထွက်ခွာကြစဉ် နယ်စပ်တွင် ယခုကဲ့သို့ အသက်ရှူကျပ်၍ သေဆုံးသွားခြင်းများလည်းရှိသလို မလေးရှားရဲနှင့် ထိုင်းရဲတို့၏ဖမ်းဆီးခြင်းများနှင့် ပွဲစားများ၏လိမ်လည်လှည့်ဖြားမှုများကိုလည်းခံကြရသည့်အတွက် ဒုက္ခအကြီးအကျယ်ရောက်နေကြသူများလည်း ရှိနေသည်ဟု သိရသည်။ (NN-13)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ