တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

တောင်ကုတ်မြို့ကို သောက်သုံးရေဖြန့်ဝေပေးနေသည့်ဆည်များတွင် ရေသိုလှောင်မှုလျော့နည်းလာ၍ဟုဆိုကာ ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ရေဖြန့်ဝေမှု ကန့်သတ်ပိတ်ပင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 2.2k

နိရဥ္စရာ၊ သြဂုတ် ၂/၂၀၂၂
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို သောက်သုံးရေဖြန့်ဝေပေးနေသည့်ဆည်များတွင် ရေသိုလှောင်မှုလျော့နည်းလာ၍ဟုဆိုကာ ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ရေဖြန့်ဝေမှုအချိန်အား ကန့်သတ်ပိတ်ပင်လိုက်ရကြောင်း မြို့နယ်စည်ပင်က ထုတ်ပြန်လိုက်သည်။
တောင်ကုတ်မြို့ရှိ ရပ်ကွက်တိုင်းကို ယခင်က ဂရုဏာဆည်နှင့် ဝက်ကျိတ်ဆည်တို့မှ ၂၄ နာရီလုံး ရေပေးဝေခဲ့သော်လည်း ယမန်နေ့ သြဂုတ်လ ၁ ရက်မှစတင်ကာ နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ရေပေးဝေမှုကိုပိတ်ပင်သွားမည်ဟု ဇူလိုင်လ ၃၁ ရက်က ထုတ်ပြန်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စိန်လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့်စာတွင် ဖော်ပြထားသည်။
ယခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် အဆိုပါဆည်များတွင် လက်ရှိအချိန် ရေသိုလှောင်နိုင်မှု လျော့နည်းနေသဖြင့် နွေရာသီတွင် ပြည်သူများ ရေအခက်အခဲရှိနိုင်သည်ဖြစ်၍ ရေဖြန့်ဝေသည့်အချိန်ကို ယခုကဲ့သို့ ကန့်သတ်လိုက်ရခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။
ထိုသို့ရေပေးဝေချိန်ကို ပြောင်းလဲလိုက်သော်လည်း ဂရုဏာဆည်နှင့် ဝက်ကျိတ်ဆည်တို့မှ ရေယူသုံးစွဲသည့် မြို့သူ၊ မြို့သားများအနေဖြင့် အခက်အခဲကြီးကြီးမားမားမရှိဟု မြို့ခံများက ပြောကြသည်။
မြို့ခံ ဒေါ်နုအောင်က "အခက်အခဲကတော့မရှိဘူး။ သူတို့ရေပေးတဲ့အချိန်မှာ နေ့ခင်းဘက်တွေ အားတဲ့အချိန်တွေမှာ ရေအပြည့်တင်ထားလိုက်တယ်။ ရေက ဆည်ကဆိုတော့ ရေနောက်တာတွေတော့ရှိတယ်" ဟု ပြောသည်။
အလားတူ တောင်ကုတ်မြို့ပေါ်ရှိ အချို့ရပ်ကွက်များတွင် ဂရုဏာဆည်နှင့် ဝက်ကျိတ်ဆည်မှ သွယ်ယူပေးသည့်ရေကိုမသုံးစွဲဘဲ ရေတွင်း၊ ရေကန်၊ အဝီစိတွင်းများမှရေများကို မော်တာစက်များဖြင့်တင်ယူကာ သုံးစွဲသူများလည်းရှိသည်ဟု သိရသည်။
တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ အုပ်ချုပ်ရေးမူး ဦးလှမြင့်က "ကျွန်တော်တို့ ရပ်ကွက်ကတော့ ရေမရှားဘူး။ ဒါကြောင့် စည်ပင်ကပေးတဲ့ရေကိုလည်း ကျွန်တော်တို့က ယူမသုံးပါဘူး။ ကျွန်တော်ဆိုရင်လည်း ရေတွင်းက မော်တာနဲ့တင်ပြီးတော့ရေယူသုံးစွဲတယ်။ တစ်ရပ်ကွက်လုံးက ဒီလိုယူသုံးကြတာပဲများတယ်" ဟု ပြောသည်။
လက်ရှိ ရခိုင်တွင် မိုးရွာသွန်းမှုအလွန်နည်းပါးလျက်ရှိပြီး စိုက်ပျိုးထားသည့်စပါးခင်းများသည်လည်း ပျက်စီးမှုများရှိလာနေသည့်အတွက် လယ်သမားများတွင် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
ယင်းကြောင့် မင်းပြားနှင့် ကျောက်ဖြူမြို့များတွင် ဗုဒ္ဓဘာသာဝင်များက ငါးရံ့မင်းပရိတ်တော်ကို ရွတ်ဖတ်ကာ မိုးခေါ်နေကြသလို မင်းပြားမြို့နယ် စမ္ဘလယ်ရွာရှိ အစ္စလာမ်ဘာသာဝင်များကလည်း ကုရ်အာန်ကျမ်းတွင်ပါဝင်သည့် မိုးရွာစေသည့်ကျမ်းစာကိုရွတ်ဖတ်ကာ မိုးခေါ်ပွဲကျင်းပလျက်ရှိသည်ဟု သိရသည်။ (NN - 12)

ဆက်စပ် သတင်းများ