တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ကျောက်တော်မဟာမုနိဘုရားအနီးတွင် ဖမ်းဆီးခံရသူ ၃ဦးကို စစ်တပ်ကသတ်လိုက်ပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.3k

နိရဉ္စရာ၊ သြဂုတ် ၁၉/၂၀၂၂

ကျောက်တော်မြို့နယ် သမိုင်းဝင်မဟာမုနိဘုရားပရိဝုဏ် အနီးတွင် ဩဂုတ် ၁ ရက်နေ့က သရက်တပင်ကျေးရွာသားတစ်ဦး အပါအဝင် ဖမ်းဆီးခံရသူ ၃ ဦးကို စ်တပ်ကသတ်ပစ်လိုက်ပြီဟု သတင်းရရှိကြောင်း အမည်မဖော်လိုသူ စစ်တပ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။ 

"မဟာမုနိရှေ့မှာ ဖမ်းသွားတဲ့ ၃ ယောက်က ဆုံးသွားပါပြီ။ တပ်မကိုခေါ်လာကတည်းက ကားပေါ်ကို ခြေထောက်ကကိုင်ပြီး ပစ်တင်သွားတာ။ ဖမ်းသွားကတည်းက သေနတ်ဘောင်တွေနဲ့ ရိုက်ထောင်းပြီး ခေါ်လာတာ။ အဲ့ဒီကတည်းက သတိမရတော့ဘူး"ဟု ပြောသည်။

ဖမ်းဆီးခံရသူ ၃ ဦးမှာ ကျောက်တော်မြို့နယ် ၊ သရက်တပင်ကျေးရွာမှ ဦးမောင်စောသာနှင့် တခြားဒေသခံနှစ်ဦးတို့ ဖြစ်ကြပြီး ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့တွင် မဟာမုနိဘုရား မြောက်ဘက်မုခ် အနီး ဘုရားတွင်တပ်စွဲထားသည့် စစ်တပ်က ၎င်းတို့၏ဖုန်းများကို စစ်ဆေးကာ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မဟာမုနိဘုရားအနီးမှ ဈေးသည်တစ်ဦးကလည်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ၎င်းတို့ (၃) ဦး ဖမ်းဆီးခံရပြီးနောက် ကျောက်တော်အခြေစိုက် စကခ (၉) ကို သေနတ်ဘောင်များနှင့် ထုရိုက် ကန်ကျောက်ကာ ခေါ်ဆောင်သွားပြီးနောက် ၂ ရက်ခန့် အကြာတွင် စစ်ကြောရေးတွင် ဆုံးသွားပြီဟု သတင်းကြားရကြောင်း ဆိုသည်။

ဇနီးဒေါ်မအေးခင်ကလည်း သူမ၏ အမျိုးသားဖြစ်သူ ဦးမောင်စောသာ သေဆုံးသွားပြီဟု သတင်းထွက်ပေါ်နေသဖြင့် အထူးစိုးရိမ်မိကြောင်း နိရဉ္စရာကို ပြောသည်။

"အရင်က စဖမ်းဆီးထားတဲ့ နေ့တွေတုန်းကတော့ အဲ့ဒီလိုကြားပါတယ်။ နောက်တော့ ရှိနေသေးတယ် ကျန်းကျန်းမာမာနဲ့လို့လည်း ပြောသံကြားတယ်။ ဟုတ်လားမဟုတ်လားမသိ။ ဟိုလူတခွန်း ဒီလူတခွန်း အဲသလိုမျိုး ပြောကြတာတွေတော့ ရှိပါတယ်။ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင်လည်း  ာမန်အရပ်သား ပြည်သူတစ်ယောက်သာဖြစ်တဲ့ အတွက် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်ဟု ပြောဆိုသည်။

သူမအနေနှင့် သတင်းအမျိုးမျိုးကြားနေရသော်လည်း တိကျသေချာသည့် အတည်ပြုမှုမျိုး မရရှိသေးသဖြင့် စစ်တပ်အနေဖြင့် အဖြစ်မှန်ကို အသိပေးစေချင်သည်ဟု  နိရဉ္စရာကို ပြောသည်။

"ကျမက တကယ်တမ်း အဖမ်းခံထားရတာဆိုလည်း တရားဥပဒေအတိုင်းလုပ်စေချင်ပါတယ်။ ရုံးတင်မည်ဆိုလည်း အမြန်ရုံးတင်ပြီး ဥပဒေအတိုင်းလုပ်စေချင်တယ်။ လွှတ်မယ်ဆိုလည်း လွှတ်ပေးပေါ့နော်။ သေသွားပြီဆိုလည်း သေသွားပြီဆိုတဲ့အကြောင်း သိချင်တယ်။ အခုက လူပြောစကားနဲ့ ကောလဟာလမှန်းမသိ၊ အမှန်လားမသိဖြစ်နေတယ်။ သေသွားပြီဆိုလည်း ကျမမှာ သူ့အတွက် ဘာသာရေးအရ ကုသိုလ်လုပ်ပေးချင်တယ်လေ ကျွန်မကို သူသေသွားပြီလား။ မသေသေးဘူးလား။ အသိပေးကြစေချင်ပါတယ်" ဟု ပြောသည်။

အဆိုပါ သုံးဦးသေဆုံးသွားပြီဟု စစ်တပ်နှင့် နီးစပ်သော အသိုင်းအဝိုင်းကို ကိုးကားပြီး ဒေအတွင်း သတင်းထွက်ပေါ်နေသဖြင့် စစ်တပ်ဘက်က အတည်ပြုချက်ကို ရရှိရန် ရခိုင်ပြည်နယ် စစ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကို ကျော်သူရကို ဖုန်းဆက်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။ စစ်ကောင်စီဘက်ကို မေးမြန်း၍ တစ်စုံတစ်ရာ မရရှိသေးသဖြင့် ၎င်း ၃ ဦး သေဆုံးသွားမှု အပေါ် နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ရခိုင်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်တပ်က ဒေသခံ ၁၀၀ ခန့် ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများကို စစ်ကြောရေးတွင် လူမဆံစွာ အပြင်းအထန် ညှဉ်းပမ်းနှိပ်စက်ခဲ့သဖြင့် တချို့မှာ သေဆုံးပြီး တချို့မှာဆေးရုံတင်ရသည့် အနေအထားထိ ရှိခဲ့သည်။

မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင် (၃၂ နှစ်)သည် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်၏ စစ်ကြောရေး အတွင်း နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ပြီး  လက်ရှိအချိန်ထိ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။ ယင်းအပြင် နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)နှင့် တရားစွဲ ခံထားရသည်။  

လက်ရှိ ရခိုင်မှာ စစ်တပ်က စစ်ရေးအင်အားတိုးချဲ့မှုများကို ဆက်တိုက် လုပ်ဆောင်နေသလို AA နှင့်ဆက်စပ်သံသယရှိသူများကိုလည်း ဖမ်းဆီးခြင်းအပြင် ကုန်းလမ်း၊ ရေလမ်းများတွင် စစ်ဆေးရေး ဂိတ်များဖွင့်ကာ တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများလည်း ရှိနေသည်ဟု သိရသည်။(NN-7)

ဆက်စပ် သတင်းများ