တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မောင်တော-အငူမော်လမ်း ပိတ်ဆို့ထားမှုကြောင့် ပြည်သူလူထု များစွာဒုက္ခရောက်နေ၍ ပိတ်ဆို့မှုအား ရုပ်သိမ်းပေးရန် မောင်တော ANP တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရဥ္စရာ၊ သြဂုတ် ၁၉ / ၂ဝ၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် အငူမော်သို့ဆက်သွယ်ထားသည့် မောင်တော-အငူမော်လမ်းကို စစ်တပ်ကပိတ်ဆို့ထားမှုကိုရုပ်သိမ်းပေးရန် မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီက တောင်းဆိုလိုက်သည်။
ယနေ့ သြဂုတ်လ ၁၉ ရက်ရက်စွဲဖြင့် မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ လိပ်မူ၍ စာရေးသားတောင်းဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါစာထဲတွင် “မောင်တောမြို့နယ်၏ အသက်သွေးကြောတမျှ အရေးပါသည့် အဓိကလမ်းမကြီးဖြစ်သော အဆိုပါ မောင်တော-အငူမော်လမ်းနှင့် ကျေးရွာချင်းကူးလူးဆက်ဆံမှုအား ပိတ်ပင်ထားသည်မှာ ရက်သတ္တပတ်ခန့်ရှိပြီဖြစ်ရာ ပြည်သူလူထုမှာ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍတို့တွင် များစွာအခက်အခဲဖြစ်ကာ အတိဒုက္ခရောက်နေကြရပါသည်။ အချို့သော ကျေးရွာများတွင် ဆန်၊ ဆီ၊ ဆား စသော အခြေခံစားသောက်ကုန်များ ပြတ်လပ်အံ့ဆဲဆဲ၊ အချို့ရွာများတွင် ပြတ်တောက်သည့်အခြေအနေမျိုးကို ရင်ဆိုင်နေရရာ ခိုး၊ ဆိုး၊ လု၊ နှိုက် စသည့် မသမာမှုများထူပြောလာကာ ဆိုးရွားသော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုလည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာပျက်စီးမှ ကိုလည်းကောင်း ဖြစ်ပေါ်လာစေနိုင်ပါသည်။ ဤကဲ့သို့ မောင်တော-အငူမော်လမ်းအား ပိတ်ဆို့ထားခြင်းမှာ လုံခြုံရေးအကြောင်းပြချက်ဖြစ်ပင်ဖြစ်သော်ငြားလည်း လိုသည်ထက်ပိုလျှင် ရလဒ်ကောင်းများထက် ဆိုးကျိုးကိုသာဖြစ်စေနိုင်ကြောင်း ကောင်းစွာသတိပြုမိစေလိုပြီး ရုပ်သိမ်းခြင်း သို့မဟုတ် စစ်ဆေး/ခွင့်ပြုစနစ်ကို အသုံးပြု၍ အနည်းငယ် ဖြေလျှော့ပေးခြင်းပြုပါက ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း ရှုမြင်ပါသည်”ဟု ထည့်သွင်းရေးသားထားသည်။
မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် သြဂုတ်လ ၁၃ ရက်က ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲများအပြင်းအထန်ဖြစ်ပြီးနောက် မောင်တော-အငူမော်ကားလမ်းနှင့် အငူမော်-စစ်တွေ(ရေချမ်းပြင်)ရေကြောင်းလမ်းတို့ကို သြဂုတ်လ ၁၄ ရက်မှစတင်ကာ စစ်တပ်က ပိတ်ဆို့ထားလိုက်ခြင်းဖြစ်သည်။
မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာသားတစ်ဦးက "ပြည်သူတွေကို အိမ်ထဲကနေအိမ်ပြင်ထွက်ခွင့် လုံးဝမရှိဘူး။ ဆိုင်ကယ်နဲ့ ဆီဖြည့်ဖို့ ကားလမ်းကိုတက်ခွင့်တောင်မရှိဘူး။ အဲ့ဒီလောက်ထိ အခြေအနေဆိုးနေတယ်။ ရဲစခန်းကတော့ ပြောတယ်။ ဒီရွာကနေ လုံးဝမထွက်နဲ့။ လူမှားသွားမှာကြောက်တယ်တဲ့။ သွားလာလို့ စစ်ကြောင်းနဲ့တွေ့ရင်တော့ မလွယ်ဘူးဆိုပြီးပြောတယ်" ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ပင်ထား၍ ဒေသခံများမှာ အိမ်ထဲကနေအိမ်ပြင်ထွက်ခွင့်ပါ မရရှိသောကြောင့် စားရေးသောက်ရေးနှင့် ကျန်းမာရေးအတွက်ပါ အခက်အခဲများဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက "ကျွန်တော်တို့စိုးရိမ်တာကတော့ ကလေးမွေးဖွားမယ့်သူတွေလည်း အများကြီးရှိတယ်။ အဲ့ဒီဘက်က အစကနေ မယူကမ်းဒေသလို စားဝတ်နေရေးမဖုလုံဘူး။ အခုက အကုန်လုံးဆန်ပြတ်နေကြတယ်။ အဓိကတော့ ထွက်သွားရင် စစ်တပ်ကတာဝန်ယူမှု။ တာဝန်ခံမှုတွေမရှိဘူး။ သွားလာမယ်ဆို ခွင့်တောင်းပါတဲ့။ အဲ့ဒါကလည်း ရဲစခန်းကပြောတာ။ စစ်တပ်ကပြောတာလည်း မဟုတ်ဘူး။ မနေ့က ရာမတောင်မှာရှိတဲ့ စိုက်ခင်းက ဟင်းသီးဟင်းရွက်တွေ။ ကွမ်းစိုက်ခင်းဆီကိုဖြတ်သန်းသွားလာသူတွေကိုလည်း ဒူးထောက်လက်မြောက်ပြီး တစ်ရက်လုံးထိုင်ခိုင်းထားတယ်။ ဒီရွာအတိုင်းအတာမှာတော့ လုံးဝငတ်ပြတ်နေပြီ" ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ရသေ့တောင်မြို့နယ်မှ ချိန်ခါလိန်ကျေးရွာ၊ ဒုံးပိုက်ကျေးရွာနှင့် အောင်သုခကျေးရွာ၊ အောင်ဗလ၊ အောင်ဆိပ်၊ မကျည်းချောင်း၊ သံချောင်း၊ ကိုးတန်ကောက်နှင့် ကြံတိုင်းအောင် အစရှိသည့်ရွာများတွင်လည်း ဒေသခံများသွားလာမှုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ပင်ထား၍ ဒုက္ခအကြီးအကျယ်ရောက်နေရပြီဟု ချိန်ခါလီရွာကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
"ကျွန်တော်တို့က ရွာကစွန့်ခွာပြီးပြေးလာကြတာ။ မသွားရဘူးဆိုရင် မသွားရဘူးလို့ပဲသိတယ်။ အခုက သံချောင်းရွာမှာလည်း သွားလာခွင့်တွေကို စစ်တပ်ကပိတ်ပင်ထားတယ်။ အငူအမော်ကားလမ်းတစ်လျှောက်။ မောင်တောထိသွားလာခွင့်မရှိဘူး။ စားဝတ်နေရေးကတော့ ရွာသူ၊ ရွာသားတွေက ထောက်ပံ့ပေးတယ်။ အဲ့ဒီထောက်ပံ့ပေးတာနဲ့မျှပြီး စားနေကြတယ်။ ရေရှည်လာရင်တော့ ပြောလို့မရသေးဘူး" ဟု ပြောသည်။
လုံခြုံရေးကြောင့် စားနပ်ရိက္ခာသယ်ယူခွင့်ပိတ်ပင်ထားခြင်းမှာ ဒေသခံ ပြည်သူလူထု၏ စားဝတ်နေရေးကို များစွာထိခိုက်နစ်နာစေပြီး နောင်တွင် ငတ်မွတ်ခေါင်းပါးမှုများ ရင်ဆိုင်ရကာ နယ်ရပ်စွန့်ခွာမှုကဲ့သို့သော မလိုလားအပ်သည့် အုပ်ချုပ်မှုပြဿနာများ ပေါ်ပေါက်လာမည်ကို အလွန်တရာ စိုးရိမ်မိကြောင်းကို ရခိုင်အမျိုးသားပါတီက ဇူလိုင်(၃၀)ရက်ကလည်း မောင်တောမြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့သို့ ပထမအကြိမ်တောင်းဆိုခဲ့ဖူးပြီဟုလည်း မောင်တော ANP ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (NN-12)

ဆက်စပ် သတင်းများ