တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

စစ်တွေတွင် စစ်ဘေးရှောင်များအတွက်အလှူငွေကောက်ခံမှုကိုတားမြစ်၊ဆက်လက်ကောက်လျှင် ပရဟတိအဖွဲကိုအရေးယူမည်ဟုရဲကခေါ်ယူခြိမ်းခြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.5k

နိရဥ္စရာ၊ သြဂုတ် ၂ဝ/၂ဝ၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံနေသည့် ပရဟိတအဖွဲ့တစ်ခုကို ရဲက တားမြစ်လိုက်ပြီး အလှူငွေ ဆက်လက်ကောက်လျှင် အရေးယူမည်ဟု ရဲက သတိပေးခြိမ်းခြောက်လို်က်ကြောင်းသိရသည်။
စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံ၍ ရဲတပ်ဖွဲ့၏ သတိပေးခြိမ်းခြောက်ခြင်းကိုခံလိုက်ရသည့်အဖွဲ့မှာ စစ်တွေမှ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းဖြစ်သည်။
အဆိုပါဖောင်ဒေးရှင်းသည် ယနေ့ သြဂုတ်လ ၂ဝ ရက် နေ့လယ် ၂ နာရီခန့်တွင် စစ်တွေမြို့ ဘီလူးမတံတားအနီး အလှူငွေကောက်ခံနေစဉ် မြို့နယ်ရဲတပ်ဖွဲ့က မြို့မရဲစခန်းသို့ ခေါ်ယူကာ အလှူငွေများ ဆက်လက်မကောက်ခံရန်နှင့် ဆက်ကောက်ပါက အရေးယူခံရမည်ဟု တားမြစ်ခြိမ်းခြောက်ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု အဆိုပါဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုလင်းလင်းက နိရဥ္စရာကို ပြောသည်။
"သူတို့က ဘာပြောလဲဆိုတော့ ခွင့်ပြုချက်မယူဘဲ လုပ်တဲ့အတွက် မှားတယ်ပေါ့။ ခွင့်ပြုချက်တင်ရမယ်ပေါ့လေ။ အဲ့တော့ ခွင့်ပြုချက်က ဒီနေ့တင် ဒီနေ့ရလားလို့ ကျနော်က မေးတယ်။ ဒီနေ့တင် ဒီနေ့မရဘူး။ တစ်ပတ်လောက် ကြာမယ်ပြောတယ်။ ဟိုက စစ်ဘေးရှောင်တွေက စားစရာဆန်မရှိလို့ ငတ်ကြတော့မယ်။ တစ်ပတ်လောက်ကြာမယ်ဆို စစ်ဘေးရှောင်တွေကို တစ်ပတ်လောက်မစားနဲ့လို့ ပြောလို့မရဘူး။ အချိန်နဲ့တပြေးညီလုပ်နေရတာပါ။ အခုက လုံးဝတားပစ်ပြီး နောက်တစ်ကြိမ်လုပ်ရင် တရားစွဲခံရမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ပြီးတော့ ဖောင်ဒေးရှင်းကားတွေကရော လိုင်စင်ရှိလား။ ရုံးစိုက်ထားတဲ့မြေကရော ကိုယ်ပိုင်ဝယ်တာလားဆိုတာမျိုး လိုက်စစ်တယ်ပေါ့။ ခြိမ်းခြောက်တာပေါ့။ နောက်တစ်ကြိမ်မလုပ်ရဲအောင်"ဟု ပြောသည်။
မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းသည် ရခိုင်တွင် လက်ရှိဖြစ်ပွားနေသည့်တကျော့ပြန်တိုက်ပွဲများနှင့် စစ်ရေးတင်းမာနေမှုတို့ကြောင့် ထွက်ပြေးလာကြသည့် ထပ်တိုးစစ်ဘေးရှောင်များအား အရေးပေါ်ကူညီထောက်ပံ့နိုင်ရန်အတွက် သြဂုတ်လ ၁၇ ရက်မှစတင်ကာ စစ်တွေမြို့တွင် လှည့်လည်အလှူငွေများကောက်ခံနေခြင်းဖြစ်သည်။
ကိုယ်တိုင်လည်း ပြည်သူများကို မကူညီသည့်အပြင် ဒုက္ခရောက်ကာ အငတ်ဘေးဆိုက်နေချိန် အလှူရှင်များကို ပိတ်ပင်တားဆီးမှုမှာ မဖြစ်သင့်ကြောင်း၊ ပြည်သူလူထုဒုက္ခရောက်မှုမှာ အစိုးရအနေဖြင့်တာဝန်အရှိဆုံးဖြစ်၍ သွားရောက်ကူညီပေးသင့်ကြောင်း ကိုလင်းလင်းက ဆက်ပြောသည်။
"သူတို့အနေနဲ့ အလှူရှင်တွေရဲ့ အလှူကိုပိတ်ပင်တယ်ဆိုရင် သူတို့ ကိုယ်တိုင်သွားလှူရမှာပေါ့။ ရခိုင်ပြည်သူတွေ ငတ်မွတ်တယ်။ ဒုက္ခရောက်တယ်ဆိုတာဟာ အစိုးရမှာ တာဝန်ရှိတယ်။ တကယ်ဆို အစိုးရလုပ်ရမယ့်အလုပ်ကို ကျနော်တို့ တာဝန်သိပြည်သူတွေက အစိုးရကို တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ ကူညီပေးနေကြတာပါ" ဟု ပြောသည်။
ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအနီး ၁ နေရာ၊ မောင်တောမြို့နယ်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ၁ နေရာနှင့် ရသေ့တောင်မြို့နယ် ဒုံးပိုက်နှင့် ချိန်ခါလိန်ကျေးရွာအကြား မေယုတောင်တန်းတွင် ၁ နေရာ၊ စုစုပေါင်း နေရာ (၃)ခုတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ်မှ ချိန်ခါလိန်ကျေးရွာ၊ ဒုံးပိုက်ကျေးရွာနှင့် အောင်သုခကျေးရွာတို့မှ ဒေသခံထောင်နှင့်ချီကာ ရသေ့တောင်မြို့နယ်ရှိ အောင်ဗလ၊ အောင်ဆိပ်၊ မကျည်းချောင်း၊ သံချောင်း၊ ကိုးတန်ကောက်နှင့် ကြံတိုင်းအောင် အစရှိသည့် အနီးအနားကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေကြရခြင်းဖြစ်သည်။
အငူမော်-မောင်တောကားလမ်းကိုပါပိတ်ထား၍ စားနပ်ရိက္ခာပြတ်တောက်မှုကြောင့် ထွက်ပြေးလာကြသူများလည်း အများအပြားရှိနေပြီး ၄င်းတို့တွင်လည်း စားနပ်ရိက္ခာ အခက်အခဲများနှင့်ကြုံတွေ့ရနေရသည်ဟု သိရသည်။
(NN-7)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com မြန်မာသတင်း - https://burmese.narinjara.com/ သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/ ရုပ်သံသတင်း - https://www.facebook.com/Narinjara-TV-News-100125495251215/ ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ