တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ရသေ့တောင်မြို့အနီးတွင် အပြန်အလှန်တပ်စွဲမှုရုပ်သိမ်းခိုင်းရာမှ နှစ်ဖက်တပ်အကြားတင်းမာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k

နိရဉ္စရာ၊ သြဂုတ် ၂၂/၂၀၂၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အရှေ့ဘက် မြို့အဝင်တံတား(ပြားချောင်းကြီး) အနီးတွင် တည်ဆောက်ထားသည့် အေအေ ခံကတုတ်ကို စစ်တပ်ကရုပ်သိမ်းခိုင်းခဲ့ပြီးနောက် ရက္ခိုင့်တပ်တော်( AA) ကလည်း ရသေ့တောင်မြို့အဝင် ဓာတ်ဆီဆိုင်အနီးရှိ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရုပ်သိမ်းခိုင်းသဖြင့် နှစ်ဘက်အကြားတွင် စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်သြဂုတ်လ ၁၈ ရက်က ပြားချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးကို  ရသေ့တောင်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ ဗျူဟာမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးမှတဆင့် ခေါ်ခိုင်းကာ တံတားအနီးရှိ စခန်းကိုဖယ်ရှားရန် အေအေကို ပြောခိုင်းခဲ့သည်ဟု ဆိုသည်။

အေအေကလည်း စစ်ကောင်စီတပ်က ရသေ့တောင်မြို့အဝင် တံတားမှ အဆင်း ဓာတ်ဆီဆိုင်အနီးရှိ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တန်ပြန်ဖယ်ရှားခိုင်းခဲ့သည်ဟု ဆိုသည်။

အေအေစခန်းကို ဖယ်ရှားခိုင်းတော့ အေအေကလည်း ဘုန်းကြီးကျောင်းမှာ ချထားတဲ့ စစ်တပ်ကို ပြန်ရုပ်ခိုင်းတယ်။ တံတားတစ်ဖက် တစ်ချက်မှာ ဆိုင်ထားကြတာ။ အေအေဘက်ကလည်း မင်းတို့ တပ်ကို အရင်ရုပ်လို့ စစ်တပ်ကို ပြောတယ်လို့ သိရတယ်။ သူလည်း မရုပ်၊ကိုယ်လည်း မရုပ်တော့ စစ်ရေးအရ တင်းမာနေတယ်ဟု ဒေသခံ တစ်ဦးက ပြောသည်။ 

ထိုသို့ စစ်ရေးတင်းမာနေသဖြင့်  တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်ကာ ပြားချောင်းကြီး ကျေးရွာအုပ်စုမှ ဒေသခံများသည် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

"အဓိကကတော့ သူတို့ကလေယာဉ်နဲ့ဗုံးလာကြဲကြမှာတွေကို ကြောက်ကြလို့ ထွက်ပြေးကြတယ်။ အခြားနေရာတွေမှာလည်း ဒီလိုအကြမ်းဖက်တာတွေရှိတော့ စိုးရိမ်စိတ်နဲ့ ထွက်ပြေးကြတာပေါ့။ အဲဒီနေ့ကနေ ဒီနေ့ထိအခြားရွာတွေကို ထွက်ပြေးနေကြတာတွေရှိတယ်။ ရွာတွေမှာက အလုပ်လုပ်လို့ ကျန်ခဲ့တဲ့ ယောက်ျားအနည်းငယ်လောက်ပဲရှိတော့တာ။ မိန်းမတွေ၊ ကလေးတွေ၊ အသက်ကြီး တွေဆိုရင် ပြေးသွားကြပြီ" ဟုပြောသည်။

ပြားချောင်းကြီးကျေးရွာအုပ်စုတွင်ရှိသည့် ပြားချောင်းကြီးကျေးရွာ၊ အလယ်ရွာချေနှင့် ပြင်ခေါင်ကျေးရွာတို့မှ လူဦးရေ ၁ ထောင်ကျော်ခန့်သည်လည်း အနီးအနားကျေးရွာများဖြစ်သည့် အဝတာ၊ ကြိမ်သာ၊ စောမေနှင့် လေးကန်စသည့် ကျေးရွာများသို့ ထွက်ပြေးနေကြကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

ပြားချောင်းကြီးကျေးရွာမှာ ကြိမ်သာကျေးရွာသို့ ထွက်ပြေးလာသည့် အမျိုးသမီးတစ်ဦးက "ရွာမှာက စပါးတွေဘာတွေစိုက်လို့ တစ်ယောက်နှစ်ယောက်လောက်ပဲကျန်ခဲ့တာ။ အားလုံးက ထွက်ပြေး လာကြပြီ။ ပထမတစ်ခါထွက်ပြေးလို့ ပြန်လာတောင် နှစ်ရက်လောက်တောင်မနေလိုက်ရသေးဘူး။ နှစ်ဖက်ကြားမှာ တိုက်ပွဲဖြစ်ရင် အခက်ကြုံမှာ စိုးရိမ်လို့  ထွက်ပြေးလာကြတာပါ။ တိုက်ပွဲ ဖြစ်ရင် အိုးမရ၊ ခွက်မရ၊ စားစရာသောက်စရာမရှိလည်း ထွက်ပြေးမရဖြစ်သွားမှာစိုးလို့ မဖြစ်ခင်ကတည်းက ကြိုပြီး ထွက်ပြေးကြတာ" ဟုပြောသည်။

လက်ရှိ အချိန်တွင် အေအေနှင့် စစ်ကောင်စီတပ်တို့အကြား ဗိုလ်နေမြဲ၊ကျားနေမြဲ အနေအထား ဖြစ်နေပြီး တစ်ဖက်နှင့် တစ်ဖက် တင်းမာမှုရှိနေသည်ဟု သူမက ပြောဆိုသည်။

ယခုပြဿနာသည် များမကြာမီက ရသေ့တောင်မြို့ကို လာရောက်ခဲ့သည့် ကထစမှူးက ရဟတ်ယာဉ်ပေါ်ကနေ လက်နက်တပ်ဆင်ထားသော အေအေ ကတုတ်ကျင်းများ၊ စခန်းများကို မြင်တွေ့ရသည်ဆိုကာ ရသေ့တောင်ဗျူဟာမှူးကို အေအေစခန်းကို ဖယ်ရှားခိုင်းရာက ပြဿနာ စတင်လာသည်ဟု ဆိုသည်။

ပြားချောင်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက   ကျွန်တော်တို့ရွာက အုပ်ချုပ်ရေးမှူးကို မြို့နယ် အုပ်ချုပ်ရေးမှူးက ခေါ်လို့ လိုက်သွားပါတယ်။ ဟိုရောက်တော့ ဗျူဟာမှူးနဲ့ တွေ့ပေးတယ်။  ဗျူဟာမှူးက ဘာပြောသလဲဆိုရင် သူတို့ အဘတွေ ရသေ့တောင်ကို လာတုန်း ရဟတ်ယာဉ်ပေါ်က  ပြားချောင်းကြီးဘက်မှာ  အေအေရဲ့ ကတုတ်ကျင်းတွေ တွေ့ရတယ်။ ကတုတ်ကျင်းတွေကို  ရုပ်သိမ်းပေးဖို့  အေအေတာဝန်ရှိသူတွေကို  ပြောခိုင်းခဲ့ပါတယ်ဟု ပြောသည်။

 ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ပြားချောင်းကြီး ကျေးရွာသို့ စစ်ကောင်စီ စစ်ကြောင်းတစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှစ၍ ဒေသခံအများအပြားမှာ ကြောက်လန့် စိုးရိမ်မှုများဖြစ်ကာ အနီးအနားရှိကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မေယုတောင်တန်း၊ ဒုံးပိုက်နှင့်ချိန်ခါလိန် ကျေးရွာအနီးတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးအခြေအနေ တင်းမာ နေသဖြင့် ချိန်ခါလိန်၊ ကြံတိုင်းအောင်၊ ဒုံးပိုက်၊ ကိုးတန်ကောက် အစရှိသည့် ကျေးရွာများမှ ဒေသခံ အများအပြားမှာလည်း နီးစပ်ရာသို့တိမ်းရှောင်နေကြရသည်။ (NN-8)

ဆက်စပ် သတင်းများ