တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် အသတ်ခံခဲ့ရသည့်မနွယ်သန္တာဝင်းအမှု၏ လူသတ်တရားခံကို ဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင် ULA သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.1k

 

နိရဉ္စရာ၊ သြဂုတ် ၃၁/၂၀၂၂

 

ရခိုင်ပြည်သူများ စိတ်ဝင်စားနေသည့် စစ်တွေမြို့မှ အသတ်ခံခဲ့ရသည့် မနွယ်သန္တာဝင်း အမှုတွင် ကျူးလွန်သူ လူသတ်တရားခံကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်( ULA) သတင်းနှင့် ပြန်ကြားရေးက ယနေ့  သတင်းထုတ်ပြန်သည်။

 

၎င်းသီဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်တရားခံပေါ်ပေါက်ရေးအတွက် သံသယဖြစ်ခြင်းခံရသော ပတ်သက်နေသည့်သူများကိုခေါ်ယူ၍ စစ်ဆေးဆေးမြန်းကာ လူသတ်တရားခံအား စုံစမ်း ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊  ထို့အပြင် လူသတ်တရားခံအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ အပြစ်ပေးအရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ယခုကဲ့သို့ အမှုမှန် ပေါ်ပေါက် နိုင်ရေးနှင့် ပြစ်မှုကျူးလွန်ထားသော တရားခံကို ပေါ်ပေါက်အောင် ဖော်ထုတ်နိုင်ရေးအတွက် တာဝန်သိစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့သော  တာဝန်သိပြည်သူများကို အလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

အသက် (၁၈) နှစ်အရွယ်သာရှိသေးသည့် ယခုနှစ်ဆယ်တန်းကို ဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်ထားသူ  မနွယ်သန္တာဝင်းသည် စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးတည်ရှိရာ မေယုလမ်းရှိ "Luminous/Livguard” ပလပ်စတစ် ပစ္စည်းနှင့် လူသုံးကုန်အရောင်းအဝယ်ဆိုင်၌ အလုပ်လုပ်နေသ ဖြစ်ပြီး သူမ၏ အသတ်ခံထားရသည့် အလောင်းအား ဩဂတ်စ်လ (၁၅) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်၌ တွေ့ရှိခဲ့သည်။

 

သူမသည် အလောင်းကို  ၎င်းဆိုင်၏ စတိုခန်းအတွင်းတွင် ဝမ်းဗိုက်တွင် ဓါးထိုးဒဏ်ရာများ၊ လည်ပင်းတွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဆွေမျိုးများက တွေ့ရှိခဲ့သည်။

 

အဆိုပါ အမျိုးသမီးငယ် အသတ်ခံရသည့် စစ်တွေမြို့လယ်ခေါင်ဖြစ်ပြီး အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်သူများ အကြားတွင် မကျေနပ်မှုတိုးပွားခဲ့ပြီး ကျူးလွန်သူ လူသတ်တရားခံကို ဖော်ထုတ်ပေးရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်နှင့် လက်ရှိ စစ်ကောင်စီကို ပြည်သူများတောင်းဆိုခဲ့သည်။

 

ယခုအခါ ရခိုင်ပြည်သူများ၏ တာဝန်သိစိတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် လူသတ်တရားခံကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ( ULA)က ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်ပြည်သူ့ရဲတပ်ဖွဲ့အနေနှင့် ပြည်သူ့လုံခြုံရေး၊ တရားမျှတမှုရရှိစေရေး အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အချိန်နှင့် တပြေးညီလုပ်ဆောင်လျက်ရှိပြီး ပြည်သူများအနေနှင့်လည်း  ပြည်သူ့တာဝန်သိစိတ်နှင့်အတူ ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။

 

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနေနှင့် အာရက္ခပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်လုံခြုံရေးကို အပြည့်အဝ ရရှိစေရန်အတွက် ဒီထက်မက ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 သို့သော် တရားခံအမည်နှင့် သူနှင့်သတ်သက်သည့်အချက်အလက်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပါ။  (NN-7)

ဆက်စပ် သတင်းများ