တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ဖမ်းဆီးထားသူများကို စစ်တပ်ကနှိပ်စက်ကာ ၆ ဦးကို အေအေဟုဝန်ခံခိုင်းပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်တရားစွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.6k

နိရဥ္စရာ၊ စက်တင်ဘာ ၁၅/၂၀၂၂

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဧည့်စာရင်းစစ်မှုကိုအကြောင်းပြီး ဖမ်းဆီးထားသည့် အရပ်သားများကို စစ်တပ်က အပြင်းအထန်နှိပ်စက်ကာ ၎င်းတို့အထဲမှ ၆ ဦးကို အေအေဟု အတင်းဝန်ခံခိုင်းကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်သည်ဟု သတင်းရရှှိသည်။

၎င်းတို့ကို စက်တင်ဘာ ၁၄ ရက်နေ့က ရုံးထုတ်ကာ ထပ်မံရမန်ယူခဲ့သည်ဟု သိရသည်။

ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်သူ ၆ ဦးမှာ ကျောက်ဖြူမြို့ ကုလားဘားတောင်ရပ်ကွက်မှ ဦးတင်ညွန့် (၄၂) နှစ်၊ ဦးဝင်းအောင် (၂၉) နှစ်၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးဦးဘသန်း (၄၂) နှစ်၊ ဦးစိုးဝင်းနိုင်၊ စေတီတောင်ရပ်ကွက်မှ ဦးဝင်းနိုင်(၂၉) နှစ်နှင့် အစိုးရရပ်ကွက်မှ ဆလိုင်းကိုအေး(၄၃) နှစ်တို့ ဖြစ်ကြသည်။

သူတို့ကို ကျောက်ဖြူမြို့အခြေစိုက် တပ်ရင်း (၃၄)မှ ဗိုလ်မှူး တင်အောင်ကျော်က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သူတို့အထဲက ဦးစိုးဝင်းနိုင်၊ ဦးဝင်းအောင်၊ ဦးဦးဘသန်း၊ ဦးဝင်းနိုင်နှင့် ဆလိုင်းကိုအေးတို့ကို စက်တင်ဘာလ ရ ရက်နှင့် စက်တင်ဘာလ ၁၁ ရက် ညက ဧည့်စာရင်းလာစစ်သည်ဟုဆိုပြီး စစ်ကောင်စီတပ်သားများက နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဦးတင်ညွန့်မှာမူ စက်တင်ဘာလ ၁၀ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က နေအိမ်မှ အပြင်သို့ ထွက်ချိန်တွင် ပျောက်ဆုံး သွားခဲ့ခြင်းဖြစ်ကာ ယမန်နေ့ စက်တင်ဘာ ၁၄ ရက်က တရားရုံးတွင် ရမန်ယူချိန်မှ အဖမ်းခံရသည်ကို သိရှိခဲ့ခြင်းဖြစ်သည်ဟု အိမ်ရှင်မဖြစ်သူ ဒေါ်မိမိထွန်းက ပြောသည်။

စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီ လောက်က ရဲစခန်းကိုရောက်နေတယ်လို့ အိမ်နားက လူတွေက ကြားမိကြတယ်ဆိုလို့  ရဲစခန်းကိုသွားပြီးမေးကြည့်တယ်။ ရဲစခန်းက မရောက်ဘူးလို့ ပြောလွှတ်လိုက်တယ်။ ရုံးတင်မှ ရုံးက နင့်လင် ဒီမှာ အချုပ်ကားနဲ့ပါလာတယ်လို့ မနေ့က ညနေ ၃ နာရီလောက်မှ သိရတယ်။ လိုက်သွားတော့ ပါလာတယ်။ လူ ၆ ယောက် တစ်စုတည်းပါလာတယ်။ ၅၀၅(က) နဲ့ စွဲထားတယ်ဆိုပြီးတော့ဟုပြောသည်။

ဖမ်းဆီးခံထားရသည့်အချိန်တွင် အေအေအဖွဲ့ဝင်ဟုဆိုကာ မတရာညှဉ်းပန်းနှိပ်စက်မှုများရှိကြောင်းနှင့် ယခုကဲ့သို့ ညှဉ်းပန်းနှိပ်စက်သည့်ဒဏ်များကို မခံစားနိုင်သည့်အတွက် အေအေအဖွဲ့ဝင်ဟု မဟုတ်မမှန် ဝန်ခံခဲ့ရသည်ဟု ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက ပြောသည်။

သူတို့ကို အကြီးအကျယ် ရိုက်နှက်နှိပ်စက်တယ်လို့ပြောတယ်။ အရမ်းရိုက်တယ်၊ အရမ်းနှိပ်စက်တယ်လို့ ပြောတယ်။ မင်းတို့ အေအေအဖွဲ့ဝင်မဟုတ်လား၊ မင်းတို့ အေအေ မဟုတ်ဘူးလားလို့မေးတယ်ပြောတယ်။ အရမ်းကြီးနှိပ်စက်လွန်းလို့ မခံနိုင်လို့ ကြောက်လို့၊ မဟုတ်ရင်လည်း သူတို့တွေဆီမှာ ဒူးထောက်၊ မျက်နှာကို အဝတ်မဲနန့်ချုပ်၊ အကြီးအကျယ်ရိုက်တယ်၊ နှိပ်စက်တယ်၊ မခံနိုင်၊ ဒါကြောင့် မဟုတ်ရင်လည်း ဟုတ်တယ်လို့ခံရတယ်။ ဒါမှ အရိုက်ခံရတာ လွတ်တယ်တဲ့ဟုပြောသည်။

ယခုကဲ့သို့ မတရားဖမ်းဆီးနှိပ်စက်ခံထားရသည့်အတွက် ဦးတင်ညွန့်၏အိမ်ရှင်မဖြစ်သူ ဒေါ်မိမိထွန်းက
အထူး စိတ်မကောင်းဖြစ်ရသည်ဟု ပြောသည်။

မလုပ်ဘဲနန့် လုပ်တယ်လို့ တရားစွဲထားတော့ ပြန်လွှတ်ပေးစေချင်တယ်။ မလုပ်ဘဲ ဒီလိုမျိုး စွပ်စွဲခံရတာ။ မိသားစုနဲ့ စားဝတ်နေရေးကို သူတစ်ယောက်ပဲ ဖြေရှင်းပေးနေတာ။ အိမ်မှာ မိသားစုဝင် ၈ ယောက်ရှိတယ်။ သူတစ်ယောက်တည်းရှာကျွေးနေတာဟု သူမက ပြောသည်။

ဦးတင်ညွန့်မှာ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးဖြစ်သည်ဟု သိရသည်။ယင်းအပြင် ဖမ်းဆီးထားသည့်အချိန်တွင် ထမင်းမကျွေးဘဲထားသည်ဟု တရားရုံးတွင် ရုံးထုတ်ရမန်ယူချိန်တွင် သူတို့ကပြောပြခဲ့သည်ဟု ဦးဝင်းအောင်၏ အိမ်ရှင်မဖြစ်သူ ဒေါ်ခင်သန်းဝင်းက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

သူတို့ကို ထမင်းမကျွေးဘူးပြောတယ်။ ၄ ရက်တိတိ ထမင်းမကျွေးဘူးပြောတယ်။ ပုံမှန်လူတွေလို မဟုတ်ဘဲ ပိန်ပြီး မြင်လိုက်တယ်။ ကျမယောက်ကျားကို အမြန်ဆုံး လွှတ်ပေးစေချင်တယ်။ ကျမမှာလည်း ကလေး ၂ ယောက်နဲ့ ဘယ်လိုရုန်းကန်ရမယ်မှန်းမသိတော့ဘူး။ အခုလည်း ဗိုက်ထဲမှာ ကလေးတစ်ယောက်ရှိသေးတယ်။ သူသမီးတစ်ယောက်လည်း အဖေမရှိလို့ ထမင်းမစား၊ ဟင်းမစား၊ ငိုနေတယ်။ အဖေ့ကိုပဲရှာနေတယ်။ ကျမယောက်ကျားက ဘေးတွဲဆိုင်ကယ်မောင်းပြီး ရိုးရိုးသားသားလုပ်စားနေတာပါဟုပြောသည်။

သူတို့ အမှုကို လာမည့် စက်တင်ဘာလ ၂၈ ရက်နေ့ကို ထပ်မံချိန်းဆိုထားသည်ဟု သိရသည်။

ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များမှ ဖမ်းဆီးခံရသူမှာ နိရဥ္စရာက စုံးစမ်းရရှိထားသည့်စာရင်းများအရ ၈ ဦးထက်မနည်းရှိနေပြီး နောက်ထပ်လည်း သတင်းမရဘဲ ဖမ်းဆီးခံရသူများလည်း ရှိနိုင်သေးသည်ဟု ဆိုသည်။

မြန်မာစစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော်(AA) နှင့် ပတ်သက်သူများဟု သံသယရှိသည့် အရပ်သားများကို လိုက်လံဖမ်းနေရာ လက်ရှိတွင် မြို့နယ်တိုင်းတွင် ဖမ်းဆီးခံရသူများ ရှိနေသည်ဟု သိရသည်။ (NN-3)


ဆက်စပ် သတင်းများ