တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

စစ်ကောင်စီက ကျောက်ဖြူဒေသခံ (၆) ဦးကိုထပ်ဖမ်း၊ ၁၉ရက်အတွင်း ရခိုင်ဒေသခံ ၃၅ ဦးထက်မနည်း ဖမ်းဆီးခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.1k

နိရဉ္စရာ၊ စက်တင်ဘာ ၂၃/၂၀၂၂

စစ်ကောင်စီက ကျောက်ဖြူဒေသခံ (၆) ဦးကို စက်တင်ဘာ ၂၁ရက်နှင့် ၂၂ ရက်တို့တွင် ထပ်မံ ဖမ်းဆီးလိုက်ပြီး စက်တင်ဘာလ ရက်နေ့မှ  ၂၂ ရက်နေ့အထိ (၁၉) ရက်အတွင်း ဒေသခံ ၃၅ ဦးထက်မနည်းဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၁ ရက် ည (၁၁ )နာရီခွဲအချိန်တွင် ကျောက်ဖြူမြို့ ၊ အစိုးရရပ်ကွက်မှ ဦးရန်နိုင်မင်းကို ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၂၂ ရက် နံနက်အာရုံ (၄ )နာရီခွဲတွင် မလယ်ကျွန်းမှ  မောင်လှမြင့်ထွန်း(၁၇)၊ မောင်သန်းစိန်(၁၆) နှင့် ကုလဘာတောင်ရပ်ကွက်မှ အလည်ရောက်နေသည့် မောင်တင်ရွှေနှင့် မောင်စိုးလင်းအောင်တို့အပြင် နံနက် (၁၁ )နာရီခွဲအချိန်တွင် စေတီတောင်ရပ်ကွက်မှ ဦးလှကျော်(၄၆)နှစ ကိုလည်း စစ်ကောင်စီက ထပ်မံဖမ်းဆီးသွားကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

"ဦးရန်နိုင်မင်းကို ဖမ်းပြီး မလယ်ကျွန်းက ၄ ယောက်ဖမ်းတာမှာ ၃ ယောက်က အသက် မပြည့်သေးပါဘူး။ မနက် (၄) နာရီခွဲလောက်ကထပ်ဖမ်းတာပါ။ သူတို့တွေဟာ စာကြည့်တိုက်မှာ လူငယ်တွေစုပြီးအိပ်နေချိန် ဝိုင်းပြီးဖမ်းသွားတာပါ။ စာကြည့်တိုက်တွေကိုတောင် ဖြိုရိုက်တာတွေရှိခဲ့ပါတယ်။ ပြီးတော့ မနက် ၁၁ နာရီခွဲလောက်မှာ စေတီတောင်ရပ်ကွက်က ဦးလှကျော်ကို အရပ်ဝတ်နဲ့ လူတွေကအိမ်စီးကားနဲ့ ဖမ်းသွားပါသေးတယ်။အခုထိပြန်မလွတ်သေးဘူး။ (၃၄) တပ်ရင်းမှာ ဖမ်းထားတယ်လို့ သိရပါတယ်"ဟု ပြောသည်။

စက်တင်ဘာ (၇)ရက်၊ (၁၀)ရက် နှင့် (၁၁) ရက်နေ့တို့တွင် ကျောက်ဖြူမြို့မှာ ဒေသခံ (၆) ဦးကိုဖမ်းဆီးခဲ့ပြီး အေအေဟုအတင်းဝန်ခံခိုင်းကာ ၅၀၅(က) နှင့် တရားစွဲဆိုထားကြောင်း သိရသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာမှဒေသခံနှစ်ဦးကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးထားသည်ဟုဆိုသော်လည်း နိရဉ္စရာအနေနှင့် အတည်မပြုနိုင်သေးပါ။

ရပ်ကွက်၊ ကျေးရွာများကို ညတိုင်းနီးပါး ဝင်ရောက် ရှာဖွေဖမ်းဆီးမှုများရှိနေပြီး တက်ကြွလှုပ်ရှားသူလူငယ်များ၊ ပရဟိတလုပ်သူများနှင့် ULA/AA နှင့်ဆက်စပ်သံသယဖြစ်သူများ၏နေအိမ်များကို ဝင်ရောက်ရှာဖွေမှုများ ဆက်တိုက်ရှိနေကြောင်း ကျောက်ဖြူမြို့မှ တိမ်းရှောင်နေရသည့် လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

"အိမ်တွေတော်တော်များများကိုလည်း ဝင်ပြီးရှာဖွေ စစ်ဆေးတာတွေလုပ်ပါတယ်။ မြို့ပေါ်တွေမှာလည်း သူတို့အရပ်ဝတ်တွေနဲ့ သွားလာလှုပ်ရှားမှုက ဆက်တိုက်ရှိနေပါတယ်။ အခုလိုသူတို့လုပ်ပုံက သူတို့နဲ့စစ်ဖြစ်နေတဲ့ ULA/AA ကိုမဟုတ်ဘဲ အများပြည်သူလူထုကို တမင်ခြိမ်းခြောက်နေတာနဲ့တူတယ်။ ညဘက်တွေမထွက်ရဲဘဲ အိမ်ပြင်မှာတောင်မနေရဲတဲ့ အနေအထားတွေဖြစ်နေတယ်။ တကယ် ညဘက်မှအလုပ်လုပ်ရတဲ့ လက်လုပ်လက်စား ရေလုပ်ငန်းလုပ်သူတွေ ကုန်ဈေးနှုန်းကြီးမြင့်ချိန်မှာ ပြည်သူတွေအများကြီးအခက်အခဲဖြစ်ရပါတယ်" ဟု ပြောသည်။

လက်ရှိရခိုင်မှ မြို့များတွင် ညမထွက်ရအမိန့်များထပ်တိုးထုတ်ပြန်လျှက်ရှိပြီး ညဉ့်အချိန် နေအိမ်များကိုဝင်ရောက်ဖမ်းဆီးခြင်း ညဘက်အပြင်ထွက်သူများကို စစ်ဆေးဖမ်းဆီးခြင်းတို့ကြောင့် ဒေသခံများ၏လုံခြုံရေးနှင့် လက်လုပ်လက်စားပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုပါ ထိခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ရခိုင်တွင် စက်တင်ဘာလ (၄) ရက်နေ့မှစကာ စက်တင်ဘာ (၂၂) ရက်နေ့အထိ မြောက်ဦးမြို့မှ ဒေသခံ (၂) ဦး၊ တောင်ကုတ်မြို့နယ်မှ ဒေသခံ (၇) ဦး၊ မင်းပြားမြို့နယ်မှ (၆) ဦး၊ ရမ်းဗြဲမြို့မှ (၂) ဦး၊ ဘူးသီးတောင်မြို့နယ်မှ အုပ်ချုပ်ရေးမှူး (၂) ဦး၊ အမ်းမြို့နယ်မှ (၄)ဦး၊ ကျောက်ဖြူမြို့နယ်မှ (၁၂)ဦး စုစုပေါင်း (၃၅) ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်း နိရဉ္စရာ၏စာရင်းအရ သိရသည်။

ယင်းအပြင် ရခိုင်မှ တခြားဖမ်းဆီးခံထားရသူများရှိနေသေးသည်ဟု သိရသော်လည်း  နိရဉ္စရာအနေဖြင့် စာရင်းများ မရောက်ရှိလာသဖြင့် တင်ပြနိုင်ခြင်း မရှိသေးပါ။  

ဖမ်းဆီးခံသူ(၃၅) ဦးအထဲမှ ကျောက်ဖြူမြို့မှ  (၂) ဦးနှင့် အမ်းမြို့မှ (၁) ဦးတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ (NN-7)

ဆက်စပ် သတင်းများ