စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

မင်းပြားတွင် လက်နက်ကြီးကျည်စထိမှန်၍ အသက် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၆ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k

နိရဉ္စရာ၊ အောက်တိုဘာ ၇/၂၀၂၂

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ နယ် ဖလောင်းပြင်ကျေးရွာတွင် စစ်တပ်က ပစ်လိုက်သည့်  လက်နက်ကြီး ကျည်စထိမှန်ကာ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၁၅ နှစ်အရွယ် မိန်းခလေးငယ် ၁ ဦး အပါအဝင် ဒေသခံ ၆ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

 

ဒဏ်ရာရရှိသွားသူများမှာ  ဖလောင်းပြင်ကျေးရွာမှ ဦးစောမောင်(၆၆)၊မောင်ဝင်းဌေး (၂၀)၊ မောင်ခိုင်စိုး(၈)၊ မအေးငြိမ်းစံ (၁၅)၊ မောင်မောင်သိန်း (၂၉) နှင့် ကိုအောင်ဝင်း (၃၃) တို့ဖြစ်ကြသည်။

 

ယနေ့ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းအချိန်တွင် ကျေးရွာအတွင်းလက်နက်ကြီးကျရောက်ကာ ကျည်စထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

"လက်နက်ကြီးက ၁၂ နာရီခွဲကျော်လောက်မှာလာကျပြီး ဒဏ်ရာရသွားကြတာပါ။ ရေနံစည် ဆေးပေးခန်းမှာ ဆေးကုထားတယ်။ လက်နက်ကြီးက အခုလည်း စစ်တပ်က တချက်တချက်ပစ်နေတုန်းပါ"ဟု နေ့လယ် ၃ နာရီခန့်က နိရဉ္စရာကို  ပြောသည်။

 

ကြပ်စင်တံတားအနီးတွင် ရက္ခိုင့်တပ်တော် (AA)နှင့်မြန်မာ့စစ်ကောင်စီတပ်တို့ အကြား နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က တိုက်ပွဲစတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် လူနေကျေးရွာများဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

 

လက်ရှိတွင်လည်း ကျိန်းတောင်ပေါ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ၅၄၁ တပ်ရင်းတို့မှ လက်နက်ကြီးများကို လက်ရှိမှာလည်း မကြာမကြာပစ်ခတ်နေဆဲဟု ဒေသခံများက ပြောသည်။

 

ထို့သို့ ပစ်ခတ်မှုများကြောင့် အနီးအနားရှိ ကျေးရွာ ဒေသခံများမှာ ဘေးလွှတ်ရာတွင် တိမ်းရှောင်ပုန်းခိုနေရပြီး မင်းပြားမြို့ပေါ်ရှိ ဈေးဆိုင်ခန်းများကိုလည်း ပိတ်ထားလိုက်ပြီဖြစ်ကြောင်း မင်းပြားမြို့ခံတစ်ဦးကပြောသည်။

 

အောက်တိုဘာလ ၅ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စထိမှန်ပြီး မင်းပြားမြို့နယ်၊ ဖားပြိုရွာမှ ကြမ်းတိုက်ရွာသို့ စစ်ဘေးရှောင်ရန်ရောက်ရှိနေတဲ့ အသက် ၄၀ ကျော်အရွယ်ဒေါ်စိန်အေးနု ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး စက်တင်ဘာလ ၂၆ နှင့်၂၇ ရက်နေ့တွင် မင်းမြားမြို့နယ် ဖလောင်းပြင်ကျေးရွာ၊ ခေါင်းလောင်းချောင်းကျေးရွာနှင့် စက္ကရေကျေးရွာတို့မှ ၄ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦးဒဏ်ရာရရှိခဲ့ပြီး လူ နေအိမ် ၉ လုံး ပျက်စီးသွားခဲ့သည်။ (NN-7)

ဆက်စပ် သတင်းများ