တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ပလက်ဝတွင် အလယ်တန်းပြကျောင်းဆရာတစ်ဦးနှင့် ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3k

နိရဉ္စရာ၊ အောက်တိုဘာ ၈/၂၀၂၂

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အလယ်တန်းပြကျောင်းဆရာတစ်ဦးနှင့် ဒေသခံအမျိုးသားတစ်ဦးကို  အောက်တိုဘာ ၆ ရက်က ပလက်ဝအခြေစိုက် (၂၈၉)တပ်ရင်းမှ စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများမှာ နှမဒါကျေးရွာ အလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာ ဦးမောင်ဝင်းသန်း၊ ပလက်ဝမြို့ သင်္ဘောဆိပ်ရပ်ကွက်နေ ဦးကျော်ကျော်တို့ဖြစ်ကြသည်။

၎င်းတို့ ၂ ဦးအနက် နှမဒါကျေးရွာမှ အလယ်တန်းပြဆရာ ဦးမောင်ဝင်းသန်းသည် ယမန်နေ့ နံနက် ၉ နာရီခန့်က ကျောက်တော်မှ ပလက်ဝမြို့သို့အပြန် ပလက်ဝအခြေစိုက်တပ်ရင်း (၂၈၉)အနီးရှိ လောင်းစုတံတားတွင် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

ဆရာဦးမောင်သန်းဝင်းနှင့် အတူ ဖမ်းဆီးခံရသူ အခြားပလက်ဝဒေသခံသုံးဦးကိုလည်း ပလက်ဝအခြေစိုက် (၂၈၉)တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး နောက်တစ်နေ့အကြာတွင် ယင်း ၃ ဦးအားပြန်လည် လွှတ်ပေးလိုက်ကြောင်းသိရသည်။

လက်ရှိတွင် အလယ်တန်းပြကျောင်းဆရာ ဦးမောင်ဝင်းသန်းနှင့် အဆက်အသွယ်မရသဖြင့် စိတ်ပူနေရကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးကပြောသည်။

"သူကကျောက်တော်က သူ့အမေနေမကောင်းတာကို သွားကြည့်ရာကနေ ပြန်လာတာ ပလက်ဝကို။ သူတို့ကို မှတ်ပုံတင်စစ်တယ်။ မှတ်ပုံတင်စစ်ပြီးရင် ဖုန်းဆက်ပြီးတော့ သူတို့ကို အဝတ်စနဲ့ မျက်နှာချုပ်ပြီးတော့ ခေါ်သွားတယ်။ ပြန်လွှတ်လာတဲ့သူ တစ်ယောက်ကပြောတာက ဆရာမောင်ဝင်းသန်းကို သူနဲ့ တစ်ယောက်တစ်ခန်းစီထည့်ပြီးတော့ တစ်နေကုန် ထားထားတယ်လို့ ပြောတယ်။ ကျောင်းဆရာကိုတော့ သူတို့နဲ့အတူလွှတ်လာတဲ့အထဲမှာမပါဘူးလို့ ပြောပါတယ်။ ကျောက်တော်က အဒေါ်တစ်ယောက်ကိုတော့ ၂၈၉ ဘက်ကိုလိုက်သွားပါတယ်။ ဘာတခုမှလည်း စုံစမ်းလို့မရသေးဘူး" ဟုပြောသည်။

၎င်းအလယ်တန်းပြ ကျောင်းဆရာဦးမောင်ဝင်းသန်းအား လွန်ခဲ့သည့်လပိုင်းက ဒွါရာဝတီ ဖေ့စ်ဘုတ်စာမျက်နှာတွင် ၎င်းအားအေအေအတွက် ငွေကြေးကောက်ခံပေးနေသူဟုဆိုကာ လွဲမှားစွာ စွပ်စွဲရေးသားမှုများရှိခဲ့ကြောင်း၊ ၎င်းမှာရိုးရိုးသားသား ကျောင်းဆရာလုပ်ကိုင်နေသူဖြစ်ကြောင်း ၎င်း၏မိသားစုဝင်ကဆက်ပြောသည်။

နောက်ထပ်ဖမ်းဆီးခံထားရသည့် ပလက်ဝဒေသခံ ဦးကျော်ကျော်မှာမူ အောက်တိုဘာ ၇ ရက် နေ့လယ်  ၂ နာရီခန့်က ပလက်ဝမြို့သင်္ဘောဆိပ်မှ စစ်ကောင်စီတပ်သားများမှ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ပလက်ဝမြို့ခံတစ်ဦးကပြောသည်။

" သူတို့ကတော့ အရက်ဘူးတွေကို ခိုးတင်တာကြောင့်လို့ သိရပါတယ်။ တောအရက်တွေကို စက်လှေတွေနဲ့ ခိုးသယ်တာကြောင့်လို့ ပြောကြပါတယ်။ ၂၈၉ ကို ဖမ်းခေါ်သွားပါတယ်" ဟုပြောသည်။

၎င်းဦးကျော်ကျော်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီး ၂ ဦးဖြစ်ကြသည့် ပလက်ဝမြို့ ပလုတ်တောင်ရပ်ကွက်နေ ဒေါ်လှမြစိန် (၄၅နှစ်)၊ မြို့မရပ်ကွက်နေ ဒေါ်မြင့်သာတို့ကို ယမန်နေ့နံနက်ပိုင်းက ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပလက်ဝမြို့ခံများကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ကျောင်းဆရာနှင့် ပလက်ဝဒေသခံကို ပလက်ဝအခြေစိုက်တပ်ရင်း ၂၈၉ တွင် ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိရသည်။

ပလက်ဝမြို့တွင် ပြီးခဲ့သည့် ဇွန်လကလည်း ပလက်ဝမြို့ခံ သက်ကြီးပိုင်း အမျိူးသားသုံးဦးကို စစ်ကောင်စီကဖမ်းဆီးထားပြီး နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးတရားစွဲဆိုထားကြောင်း သိရသည်။

(NN-8)

ဓာတ်ပုံ- ဖမ်းဆီးခံထားရသည့် အလယ်တန်းပြကျောင်းဆရာ ဦးမောင်ဝင်းသန်း

ဆက်စပ် သတင်းများ