စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ရမ်းဗြဲ၊ ကျောက်နီမော်တွင် ရဲကပစ်ခတ်၍ မူဆလင်ဒေသခံတစ်ဦး ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 5.1k

နိရဉ္စရာ၊ အောက်တိုဘာ ၁၁/၂၀၂၂

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်တိုက်နယ်တွင် ရဲကပစ်ခတ်၍ ဒေသခံ မူဆလင်တစ်ဦးပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ဦးနေဇမ်မီယာ(၅၄) နှစ်ဖြစ်သသည်ဟု သိရသည်။

ကျောက်နီမော်ရဲတပ်ရင်းမှ ရဲတပ်သား ဦးလှကြည်ကမှ ပစ်ခတ်ခြင်းဖြစ်ပြီး ညာဖက်ခြေထောက် ကျည်ဖောက်ဒဏ်ရာတစ်ချက်၊ ရင်ဘတ်တစ်ချက်၊ ဦးခေါင်းတစ်ချက်ထိမှန်ပြီး အခင်းဖြစ်ပွားသည့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီခန့်တွင် ကျောက်နီမော် တောင်ပိုင်း ချိန်တောင်ရပ်ကွက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ပစ်ခံရသူကို မြေနေရာမှ ဖယ်ရှားခိုင်းစဉ် အဆိုပါအခင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"သူ့မှာ သားတစ်ယောက်၊ သမီးယောက်တော့ရှိတယ်။ ဒါပေမယ့် သူက တစ်ယောက်တည်း နေနေတာပါ။ သူနေတဲ့မြေကွက်က အစိုးရမြေကွက်လို့ပြောပါတယ်။ သူ့ကို အဲ့ဒီမြေမှာ ပိုက်ဆံပေးပြီး ဂရန်လုပ်ခိုင်းပါတယ်။ သူကတစ်ယောက်တည်း လုပ်ကိုင်  စားသောက်နေတာပါ။ အဲ့လောက် မတက်နိုင်ဘူးထင်ပါတယ်။ ရဲတပ်ကအဲ့ဒီနေရာကဖယ်ခိုင်းတယ်။ သူကမဖယ်၊ အဲ့ဒါနဲ့ပဲ အပစ်ခံရပြီးဆုံးသွားရတာပါ" ဟု ပြောသည်။

ရဲက မြေနေရာမှ ဖယ်ရှားစဉ် ဓားဖြင့် လိုက်ဝှေ့ယမ်းရာမှ သေနတ်ဖြင့် ရဲက ပစ်ခတ်သည်ဟု နောက်ထက် ဒေသခံတစ်ဦးက ပြောသည်။

" ဘယ်လိုကိစ္စတွေရှိကြလဲတော့ ကျနော်လည်း သေချာမသိပါဘူး။ ရဲက လာပြီးပြောဆိုချိန်မှာ အခုသေတဲ့သူက ဓားနဲ့ လိုက်ဝှေ့ယမ်းလို့ ရဲက ဒူးကိုတစ်ချက်၊ ရင်ဘက်တစ်ချက်၊ အခေါင်းကို တစ်ချက်ပစ်တယ်လို့ သိရပါတယ်။ အဲဒီမှာပဲ ပွဲချင်းပြီးဆုံးပါတယ်"ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဖြစ်ပျက်ပုံ အသေးစိတ်ကို သိလို၍ ကျောက်နီမော်ရဲစခန်းသို့ ဆက်သွယ်ရာ စခန်းမှူးက ဖုန်းကိုင်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသလို ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖုန်းဆက်သွယ်ရာတွင်လည်း ဆက်သွယ်မရရှိခဲ့ပါ။

လက်ရှိအချိန်အထိ ပစ်ခတ်သူရဲအား အပြစ်ပေး အရေးယူမှု ရှိ/မရှိကို မသိရသေးသလို သေဆုံးသူ အလောင်းကို ယနေ့ ညနေ ၅ နာရီခန့်မှ လာယူရန်ပြောဆိုထားကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ (NN-7)

ဆက်စပ် သတင်းများ