စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ကျောက်တော်မြို့ စကခ (၉)စစ်ဆေးရေးဂိတ်တွင မလိုအပ်ဘဲအချိန်ကြာမြင့်စွာ စစ်ဆေးနေ၍ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များအခက်အခဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရဉ္စရာ၊ အောက်တိုဘာ ၁၂/၂၀၂၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အမှတ် (၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ စစ်ဆေးရေးဂိတ်တွင် ဂိတ်စောင့်တာဝန်ကျနေသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသည်တင်ကားများနှင့် ကုန်ကားများကို အချိန်ကြာမြင့်စွာ စစ်ဆေးနေ၍ ခရီးသွားလာသူများနှင့် ခရီးသည်တင်ယာဉ်မောင်းသူများအနေဖြင့် အထူး အခက်တွေ့နေရကြောင်း သိရသည်။

ယခင်ကအဆိုပါစစ်ဆေးရေးဂိတ်တွင် ရန်ကုန်-စစ်တွေသွားသည့် အဝေးပြေးခရီးသည်တင်ကားများနှင့် ကုန်ကားများကိုသာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခိုင်းသော်လည်း ယခုရက်ပိုင်းအတွင်းတွင် မြောက်ဦး-စစ်တွေပြေးဆွဲသည့် ခရီးသည်တင်ယာဉ်များကိုပါ အချိန်ကြာမြင့်စွာ စစ်ဆေးနေကြောင်း ခရီးသည်များနှင့်ယာဉ်မောင်းများကပြောသည်။

ထိုသို့အချိန်ကြာမြင့်စွာ စစ်ဆေးပြီး စောင့်ဆိုင်းခိုင်းနေသည်မှာ လေး၊ ငါးရက်ခန့်ကြာမြင့်နေပြီဖြစ်ကာ ကားထွက်သည့်အချိန် နံနက် ၆ နာရီခန့်မှစ၍ အဆိုပါဂိတ်တွင် စောင့်ဆိုင်းနေရပြီး နံနက် ၁၀ နာရီဝန်းကျင်မှသာလျှင် ဂိတ်ကိုဖွင့်ပေးသဖြင့် ခရီးသွားလာရာတွင် အချိန်ကြန့်ကြာမှုများဖြစ်စေပြီး အခက်အခဲများဖြစ်ရကြောင်း ခရီးသွားလာသူများကပြောသည်။

"မနက်ပိုင်းဆိုရင် ကားတွေကိုမသွားရဘူး။ အရင်တုန်းကဆိုရင်တော့ စစ်တွေကိုသွားတဲ့ ကားတွေဆိုရင်လွှတ်ပေးတယ်။ အခုက ၁၀ နာရီ၊ ၁၁ နာရီတီးလောက်မှပဲ လွှတ်ပေးတယ်။ စစ်တွေကိုက ၁ နာရီလောက်မှရောက်တယ်။ သွားရလာရတာ တခုမှလိုက်မမှီတော့ဘူး။ ကျန်းမာရေးကိစ္စနဲ့သွားတဲ့သူတွေမှာဆိုရင် ဆေးခန်းပြဖို့မမှီလိုက်တာတွေဖြစ်တယ်။ နေ့ချင်းပြန်လို့ရမယ့်ကိစ္စကို တစ်ညအိပ်ရတော့ ငွေကုန်ကြေးကျပိုများတာပေါ့။ ကျနော်တို့ဖက်ကသွားတွေသူတွေမှာတော့ ဆေးရုံ၊ဆေးခန်းသွားပြကြတဲ့သူတွေပိုများတယ်" ဟုပြောသည်။

ထိုသို့ကားများကို စကခ (၉)တွင် စောင့်ဆိုင်းခိုင်းထားသည့်အချိန်တွင် ခရီးသည်များ၏မ ှတ်ပုံတင်များကို စစ်ဆေးခြင်းများနှင့် ယာဉ်မောင်းသူများက မိမိကားနှင့်လိုက်ပါမည့် ခရီးသည်များ၏စာရင်းနှင့် ခရီးသွားလိုသည့်အကြောင်းအရင်းများကိုပါ တင်ပြရကြောင်း သိရသည်။

ထိုကဲ့သို့အချက်အလက်များကို စစ်ဆေးသည့်အချိန်များမှာ မကြာမြင့်သော်လည်း စစ်ဆေးပြီးသည်အထိ မလွတ်ပေးဘဲ ကားများကိုတန်းစီကာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းထားခြင်းများ ပြုလုပ်နေခြင်းသည် ပြည်သူများအား သက်သက်မဲ့ အခက်အခဲဖြစ်အောင်လုပ်နေသည့်သဘောဖြစ်သည်ဟု စစ်တွေမှမြောက်ဦးသို့သွားသည့် ခရီးသွားအမျိုးသမီးတစ်ဦးကပြောသည်။

" ကားတွေက ကျမတို့ရှေ့မှာ လေးစီး၊ငါးစီးလောက်ပဲရှိတာ။ နောက်ပိုင်းမှာတော့ ကားတွေ တန်းစီပြီးများလာတယ်။ ကားပေါ်တွေကို တက်ပြီးစစ်ဆေးတာတွေတော့ရှိတယ်။ အခြားတော့ထူးထူးခြားခြားစစ်ဆေးတာမရှိဘူး။ ဒီအတိုင်း ပညာပြတဲ့ပုံစံမျိုး သက်သက်မဲ့ကားတွေကို ရပ်ခိုင်းထားတာလေ။ အိမ်စီးကားတစ်စီးတလေကိုတော့ လူတွေကို လမ်းဆင်းလျှောက်ခိုင်းပြီး လွှတ်ပေးတာတွေရှိတယ်။ မနေ့ကတော့ ညနေ ၄ နာရီလောက်မှ ကားတွေကို လွှတ်ပေးတယ်။

ဘာကြောင့်မလွှတ်ပေးလဲ၊ ဘယ်အချိန်လွှတ်ပေးမလဲဆိုတာလည်း ဘာမှမပြောဘူး။ သူတို့ကခပ်တည်တည်နဲ့ပဲ" ဟုပြောသည်။

အဆိုပါ စကခ (၉) စစ်ဆေးရေးဂိတ်ကိုဖြတ်သန်းပြီး၍ စစ်တွေသို့လာသည့် လမ်းတစ်လျှောက်တွင် ရှိသည့် အခြားစစ်ကောင်စီစစ်ဆေးရေးဂိတ်များက စစ်ဆေးမှုများရှိသော်လည်း ကျောက်တော်တပ်ထိန်းဂိတ်ကဲ့သို့ အချိန်ကြာမြင့်စွာ စစ်ဆေးမှုမရှိကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် အဆိုပါစစ်ဆေးရေးဂိတ်တွင် ရန်ကုန်-စစ်တွေသွားသည့် အဝေးပြေးယာဉ်လိုင်း ကားများသည်လည်း တစ်ရက်နီးနီးကြာမြင့်စွာ စောင့်ဆိုင်းရပြီး စစ်တွေမှ ရန်ကုန်သို့သွားလျှင် ယခင်ကလို တစ်ရက်အိပ်ရုံနှင့်မရောက်နိုင်ဘဲ ကားလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် အချိန်ကြာမြင့်စွာ စစ်ဆေးနေခြင်းကြောင်း လေးရက်ခန့်ပင် ကြာမြင့်နေကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေ-ရန်ကုန်ကားလမ်းမတစ်လျှောက်၌ စစ်ကောင်စီကဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များမှာ ၂၀ အောက်မနည်းရှိနေပြီး အေအေနှင့်မြန်မာစစ်တပ်တို့ စစ်ရေးတင်းမာလာနေသည့် ယခုလိုအချိန်တွင် ယခင်ကထက် စစ်ဆေးရေးများပိုမိုတင်းကျပ်စွာ လုပ်ဆောင်လာနေကြောင်း သိရသည်။

(NN-8)

ဓာတ်ပုံ- Facebook

(ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက ကျောက်တော်စစ်ဆေးရေးဂိတ်တွက် ပိတ်မိနေသည့်ယာဉ်များ )

ဆက်စပ် သတင်းများ