စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

မြေပုံနှင့်မင်းပြားတွင် ဒေသအတွင်း သွားလာနေသည့် ကား(၄) စီးကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.6k

နိရဉ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂

 

ရခိုင်ပြည်နယ်၊ မြေပုံနှင့် မင်းပြားမြို့တို့တွင် မင်းပြားမြို့နယ်မှ ဒေသအတွင်း အသုံးပြုနေသည့် ကား(၄) စီးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

 

ယနေ့ အောက်တိုဘာ ၁၃ ရက် နံနက် ၁၁ နာရီကျော်အချိန်မှစတင်ကာ မင်းပြားမြို့  တောင်မုဒ်ဦးအနီး မြေပုံ-ပေါက်တောလမ်းဆုံတွင် ခရီးသွားကားများကို ကုန်ပစ္စည်းများချခိုင်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကားနှစ်စီးအားဖမ်းဆီးခဲ့ကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

 

"ဒီနေ့ ကြပ်စင်ဘက်ကလာတဲ့ စစ်သား (၇၀) ကျော်ဟာ ပေါက်တော၊ မင်းပြားသွားလာတဲ့ ကားတွေကို ပစ္စည်းချခိုင်းပြီးစစ်ပါတယ်။ မြေပုံ-ပေါက်တောလမ်းဆုံမှာ ကားတွေကို စစ်ပြီး နှစ်စီးဖမ်းသွားပါတယ်။  ကားတွေကိုစစ်ပြီး ပစ္စည်းတွေကို တောင်ဦးမုဒ် ကုန်းပေါ်မှာ ချခဲ့တယ်။ ကားကိုတော့ (၅၄၁) တပ်ရင်းကို ယူသွားပြီး လူကိုတော့ လွှတ်ပေးလိုက်ပါတယ်"ဟု ပြောသည်။

 

ဖမ်းဆီးခံရသည့်ကားနှစ်စီးမှာ ကျောက်ခုတ်ကျေးရွာမှ ဦးမောင်သန်းလှိုင်၏ကား နှင့် စွန်ရဲရွာမှ ဦးရဲသူတို့၏ကားများဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ယမန်နေ့ အောက်တိုဘာ ၁၂ ရက် ညနေ ၆ နာရီခန့်ကလည်း မြေပုံမြို့အထွက် နတလကျောင်း အနီး တောင်ကုန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကင်းလှည့်ရင်း ဒေသခံခရီးသွားများ၏ ကားများကို စစ်ဆေးစဉ် မြေပုံမှပြန်လာသည့် ကားနှစ်စီးကို ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုသူမြေပုံမြို့ဒေသခံတစ်ဦးက ပြောသည်။

 

"မနေ့က ည ၆ နာရီလောက်မှာ ကားနှစ်စီးကို စစ်သားတွေကင်းလှည့်ရင်း စစ်ဆေးပြီး ဖမ်းခေါ်သွားပါတယ်။ ဖမ်းတာက ထူးချေမော်ရွာနား ကုလားတောင်နားမှာပါ။ မြေပုံက ပြန်လာတဲ့ကားကို ဖမ်းတာပါ။ ကားနှစ်စီးလုံး မင်းပြားမြို့နယ် ခမောင်းတောရွာကလို့ပြောပါတယ်။ လူကိုတော့ လွှတ်ပေးလိုက်ပြီး ကားတွေကိုတော့ ရဲစခန်းမှာ ဖမ်းထားပါတယ်" ဟု ပြောသည်။

 

ဖမ်းဆီးခံရသည့်ကားနှစ်စီးမှာ မင်းပြားမြို့နယ် ခမောင်းတောကျေးရွာမှကားများဖြစ်ကြောင်း ၎င်းက ပြောသည်။

 

လက်ရှိမှာကားများကို မြေပုံမြို့နယ်ရဲစခန်းသို့ယူဆောင်သွားပြီး လူကိုလွှတ်ပေးလိုက်ကြောင်း သိရသည်။

 

မည်သည့်အတွက် ကားများကို ယခုကဲ့သို့ ဆက်တိုက်စစ်ဆေးဖမ်းဆီးနေသည့် ကိစ္စများကို အတိအကျမသိရဘဲ ယခုကဲ့သို့လုပ်ဆောင်နေမှုများကြောင့် ကားသမားများနှင့် ဒေသခံကုန်သည်များမှာ များစွာ အခက်အခဲ ကြုံတွေ့နေရကြောင်း မင်းပြားမြို့မှ ကားသမားတစ်ဦးက ပြောသည်။

 

"အခုသိရတာက လိုင်စင်မရှိလို့လို့ပြောပါတယ်။ ဒါပေမယ့် ကားတွေကိုစစ်ရင် လိုင်စင်ကိုပဲ စစ်တာ မဟုတ်ပါဘူး။ ကုန်ပစ္စည်းတွေကို အရင်ဆုံးချခိုင်းပြီး ကားကို အဓိကစစ်ဆေးပါတယ်။ ပြီးမှ လိုင်စင်က ဒုတိယအနေနဲ့စစ်တာပါ။ အခုလိုနေ့တိုင်းလုပ်နေရင် ကျနော်တို့ကားလည်း မထွက်ရဲတော့ဘူး။ ဆိုင်သည်တွေမှာလည်း ကားမထွက်တော့ ဘယ်လိုဝယ်ယူရောင်းချကြမလဲ။ အကုန်အခက်အခဲ ဖြစ်နေကြပါပြီ"ဟု ပြောသည်။

 

အောက်တိုဘာ ၁၂ ရက် ညနေ (၄) နာရီကျော်အချိန်တွင်လည်း အမြင့်ကျွန်းကျေးရွာ၊ မင်းချောင်း တံတားဆိပ်မှ  လိုင်းစက်လှေ (၉) စီးကို ရေချမ်းပြင်စခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

 

ရခိုင်တွင် ကုန်းလမ်း၊ ရေလမ်းများကို တင်းကျပ်စွာ စစ်ဆေးဖမ်းဆီးမှုများပြုလုပ်လာပြီး  ဆေးဝါး၊ အိမ်ဆောက်ပစ္စည်း၊ သံထည်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းများအပါအဝင် တခြားကုန်ပစ္စည်း သယ်ယူမှုများကိုပါ တင်းတင်းကျပ်ကျပ် စစ်ဆေးကာ ဖမ်းဆီးအမှုဖွင့်မှုများ ရှိနေခြင်းဖြစ်သည်။ (NN-7)


(ဓာတ်ပုံ- ကားပေါ်မှ ချထားခဲ့သည့် ပစ္စည်းများကိုတွေ့ရစဉ်)

ဆက်စပ် သတင်းများ