စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ဘူးသီးတောင်သပိတ်တောင်ရွာသား ၆ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး၂၁ ရက်ကြာမှ ပြန်လွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.1k

နိရဥ္စရာ၊အောက်တိုဘာ ၁၄/၂၀၂၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည့် သပိတ်တောင်ကျေးရွာသား ၆ ဦးကို ၂၁ ရက်အကြာ ယနေ့တွင် ပြန်လည်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

လွတ်မြောက်လာသူများမှာ သပိတ်တောင်ရွာသားများဖြစ်ကြသည့် ဦးမောင်ဖြူ(၃၅ နှစ်)၊ ဦးရွှေထွန်း (၃၈ နှစ်)၊ ဦးညွန့်ဝင်း (၃၅ နှစ်)၊ ဦးမောင်မျိုးဝင်း (၃၇ နှစ်)၊ ကိုထွန်းသာလှ (၂၄ နှစ်)နှင့် မောင်သန်းထွန်းအောင် (၁၆ နှစ်) တို့ ဖြစ်ကြသည်။

သူတို့သည် ဖမ်းဆီးခံရပြီးနောက် ၂၁ ရက်အကြာ ယနေ့ အောက်တိုဘာ ၁၄ ရက် နေ့လယ် ၁ နာရီခွဲတွင် လွတ်မြောက်လာခြင်းဖြစ်သည်ဟု ကာယကံရှင် ကိုညွန့်ဝင်းက နိရဥ္စရာကိုပြောသည်။

"ကျွန်တော်တို့ကို ဘူးသီးတောင်ဗျူဟာကိုခေါ်သွားတာပါ။ အေးအေးဆေးဆေးစစ်ဆေးတာပါ။ နှိပ်စက်တာတွေလည်း မရှိပါဘူး။ ရွာမှာ AA ရှိလားမေးပါတယ်။ ကျွန်တော်ကတော့ မရှိပါဘူး။ ရွာမှာမ နေပါဘူးလို့ပြန်ဖြေပါတယ်။ အခုလိုပြန်လွှတ်ပေးလိုက်လို့ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်" ဟုပြောသည်။

သူတို့ကို ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ခန့်က ကြိုးတုတ်ပြီး တပ်ရင်းကားတစ်စီးဖြင့် အလယ်ချောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၈)တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

နခခ (၈)အနီး တစ်မိုင်ခန့်ရှိ သပိတ်တောင်ကျေးရွာကို ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက် ည ၉ နာရီခွဲတွင် စစ်ကောင်စီတပ်က  မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် သူတို့ ၆ ဦးလည်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းသို့မီးရှို့ခံရမှုကြောင့် သပိတ်တောင်(ရခိုင်) ရွာမှ ဦးသာထွန်း၊ ဦးအောင်ထွန်းစိန်နှင့် ဦးမောင်ဖြူတို့နေအိမ်များအပါအဝင်လူနေအိမ်တချို့ မီးလောင်ပြာကျသွားခဲ့သည်ဟု ရွာသားများက နိရဥ္စရာသတင်းကို ပြောဆိုထားသည်။

သပိတ်တောင်ကျေးရွာတွင် အိမ်ခြေ ၆၅ဆောင်ရှိပြီး လူဦးရေ ၃၀၀ကျော် နေထိုင်ကြသည်ဟု သိရသည်။

လက်ရှိမှာသပိတ်တောင်ကျေးရွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်ကြပြီး ကျေးရွာသားများမှာ ရွာသို့မပြန်ဝံ့ကြဘဲ ဘူးသီးတောင်မြို့ပေါ်နှင့် တခြားနီးစပ်ရာ ရွာကဆွေမျိုးနှင့် လွတ်မြောက်ရာ နေရာအသီးသီးတွင် ခိုလှုံလျက်ရှိကြသည်ဟု သိရသည်။ (NN- 13)

ဆက်စပ် သတင်းများ