စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ပလက်ဝတွင် ပန်းရံလုပ်ကိုင်သည့် ညီအစ်ကို ၂ ဦးကို စစ်တပ်က ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 373

နိရဉ္စရာ၊ အောက်တိုဘာ ၁၄/၂၀၂၂


ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ပန်းရံလုပ်ကိုင်သည့် ညီအစ်ကို ၂ ဦးကို စစ်ကောင်စီတပ်က ယမန်နေ့ညနှင့် ယနေ့နံနက်အစောကြီးတွင် ၎င်းတို့၏နေအိမ်မှ လာရောက် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။


ဖမ်းဆီးခံရသည့် ညီအစ်ကိုနှစ်ဦးမှာ ပလက်ဝမြို့ မြို့မရပ်ကွက်နေ ကိုမောင်ဆန်းဖြိုး (၂၅ နှစ်) နှင့် ရွာမရပ်ကွက်နေ ဦးစိုးလှ (၂၉ နှစ်)တို့ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးအနက် ညီဖြစ်သူ ကိုမောင်ဆန်းဖြိုးကို ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်၊ ညနေ ၉ နာရီကျော်ခန့်တွင် ဧည့်စာရင်းစစ်မည်ဟုအကြောင်းပြပြီး ၎င်း၏နေအိမ်မှ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက်တွင် ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၅ နာရီခန့်တွင် ကိုမောင်ဆန်းဖြိုး၏ အစ်ကိုဖြစ်သူ ဦးစောလှကို ၎င်းနေထိုင်ရာ ရွာမရပ်ကွက်ရှိနေအိမ်မှ စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"သူတို့ညီအစ်ကိုနှစ်ယောက်ကို မနက်တစ်ယောက်၊ ညတစ်ယောက်ဖမ်းခေါ်သွားတာပါ။ သူတို့ကတော့ အရင်တုန်းက ပန်းရံလုပ်ကြတာပါ။ အခုတော့ ပစ္စည်းတွေလည်းမရှိတော့ အလုပ်နားထားကြတာပါ။ သူ့ညီကိုတော့ ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ရှေ့ကိုခေါ်တယ်။ အဲဒီကနေ ဖမ်းသွားတာပါ။ အစ်ကိုဖြစ်တဲ့ဦးစောလှကိုလည်း မနက်အစောကြီးမှ စစ်ဆေးစရာရှိတယ်ဆိုပြီး လာခေါ်သွားတာပါ။ ဘာအကြောင်းကြောင့် ဖမ်းသွားတာလဲဆိုတာလည်း မသိရပါဘူး" ဟုပြောသည်။

၎င်းတို့အား ပလက်ဝအခြေစိုက် (၂၈၉)တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

၎င်းတို့ ညီအစ်ကို ၂ ဦးသည် ပန်းရံလုပ်ကိုင်သူများဖြစ်ကြပြီး လက်ရှိတွင် ပလက်ဝသို့ အိမ်ဆောက်ပစ္စည်းများသယ်ဆောင်ခွင့်မရှိသဖြင့် အလုပ်အငှားမကျ၍ ပန်းရံအလုပ်ကို ရပ်နားထားရကြောင်း သိရသည်။

ပလက်ဝတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နှင့် ရက်တို့ကလည်း ပလက်ဝမြို့နယ် နှမဒါကျေးရွာမှ ကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် ကျောင်းဆရာတစ်ဦးတို့အား စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ