စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

စစ်တပ်ကဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူ ကျောက်တော်ဒေသခံ ၆ ဦးအထဲက ၂ ဦးကို ရဲတပ်ဖွဲ့သို့ လွှဲပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 4.9k

နိရဉ္စရာ၊ နိုဝင်ဘာ ၄/၂၀၂၂

ကျောက်တော်မြို့နယ်တွင် မြန်မာစစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် လနှင့်ချီပြီး ပျောက်ဆုံးနေသူ ၆ ဦးအထဲက အရပ်ဆေးရာကိုကျော်ဟိန်းနှင့် သရက်တစ်ပင်ကျေးရွာမှ ကိုမောင်စောသာတို့ကို ရဲလက်သို့  ယနေ့ နိုဝင်ဘာ ၃ ရက်နေ့တွင် လွှဲပြောင်းလိုက်သည်ဟု သတင်းရရှိသည်။

အရပ်ဆေးဆရာလည်းဖြစ်၊ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ကိုကျော်ဟိန်း (၃၉) နှစ်သည် ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းတွင် မိသားစုနှင့်အတူ ခိုလှုံနေသူတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက် ညက ရထားဘူတာ စစ်ဘေးရှောင်စခန်းသို့ ဆေးကုရန်သွားစဉ် စစ်ကောင်စီတပ်က ကစ္ဆပနဒီတံတားအနီးတွင် ဖမ်းဆီးသွားခဲ့သည်။

၎င်းအချိန်ကတည်းက မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး  ကိုကျော်ဟိန်းမှာ သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများကျယ်ပြန့်စွာထွက်ပေါ်ခဲ့သည်။

သူ၏ မိတ်ဆွေတစ်ဦးက အဆိုးထဲက အကောင်းလို့ ပြောရမယ်ထင်ပါတယ်။ သုံးလကျော် မိသားစုနဲ့ အဆက်အသွယ်မရတော့ လူတိုင်းက သေသွားပြီလို့ ပြောနေကြတာ။ အခုလို သတင်းကြားရတော့ ဝမ်းသာရပါတယ်ဟု ပြောဆိုသည်။

နောက်ထပ် ရဲလက်သို့ လွှဲပြောင်းခံရသူ တစ်ဦးမှာ ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာက  ကိုမောင်စောသာဖြစ်ပြီး ၎င်းသည် နောက်ထပ် လူ ၂ ဦးနှင့် အတူ မဟာမုနိဘုရားစောင်းတန်းဘေးရှိ ထမင်းဆိုင်တစ်ခုတွင်  ၂၀၂၂ ခုနှစ် ဩဂုတ် ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။

စစ်ကောင်စီ တပ်သားများက ကိုမောင်စောသာအပါအဝင် ၃ ဦးကို ဖမ်းဆီးရိုက်နှက် ကြိုးတုတ်ကာ စကခ(၉) သို့ စစ်ကားဖြင့် ယူဆောင်သွားခဲ့ပြီးနောက် ၎င်းတို့ ၃ ဦးစလုံးမှာ စစ်ကြောရေးတွင် သေဆုံးသွာပြီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

သူတို့နှင့် ရင်းနှီးသူ တစ်ဦးက သူတို့ ၃ ဦးကို ဩဂုတ် ၁ ရက်က တစ်ပြိုင်တည်း မဟာမုနိဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်က ဖမ်းတာ။ ဖမ်းပြီးတဲ့နောက် သူတို့ စကခ ၉ စစ်ကြောရေးမှာ နှိပ်စက်လွန်ပြီး  သေဆုံးသွားတယ်လို့ သတင်းထွက်လာတယ်။ အခု တစ်ယောက်ကို ရဲလက်ကို လွှဲပြောင်းရင် နောက်ထပ် သူနဲ့အတူ အဖမ်းခံရသူ ၂  ယောက်က ပါမလာတော့ သူတို့အခြေနေက ဘယ်လိုလည်း ဆိုတာစဉ်းစားစရာဖြစ်လာတယ်။ အသက်ထင်ရှားရှိနေသေးရင် သူတို့ နှစ်ဦးကို ရဲလက်ကို အမြန်ဆုံး လွှဲပြောင်းပေးစေချင်ပါတယ်ဟု ပြောသည်။

စစ်တပ်က ဖမ်းဆီးပြီး နောက်ထပ် ပျောက်ဆုံးနေသူ ၂ ဦးမှာ ကျောက်တော်မြို့နယ် ကာဒီရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့် သူ၏ အဖော်ဖြစ်သူအပေါက်၀ကျေးရွာမှ မောင်ချေ(ခ) ဦးမောင်သက်စိုးတို့ ဖြစ်ကြသည်။

၎င်းတို့ ၂ ဦးကို ၎င်းတို့ကျေးရွာများအနီးရှိ ကန်စောက်အခြေစိုက် (၅၃၉)တပ်ရင်းမှူးက ယခုနှစ် အောက်တိုဘာ ၂ရက်က တွေ့ဆုံရန်  ခေါ်ယူသွားပြီးနောက် ယနေ့အချိန်အထိ သတင်း တစ်စုံတစ်ရာမရဘဲ ပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။

ဆက်စပ် သတင်းများ