စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

မောင်တော ရွက်ညိုတောင်ရွာကျောင်းထိုင် ဆရာတော်ကို စစ်တပ်က ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.5k

နိရဥ္စရာ၊ နိုဝင်ဘာ ၅/၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရွက်ညိုတောင်ကျေးရွာ ကျောင်းထိုင် ဆရာတော်ကို စစ်ကောင်စီတပ်က ယမန်နေ့ညက ဖမ်းဆီးသွားသည်ဟု သိရသည်။
ဖမ်းဆီးခံရသူမှာ ရွက်ညိုတောင်ကျေးရွာကျောင်းထိုင်ဆရာတော် ဦးပညာသီရိ (၃၅) နှစ်ခန့် ဖြစ်သည်။
ဆရာတော်သည် ယမန်နေ့ နိုဝင်ဘာလ ၄ ရက် ည ၁၀ နာရီခန့်တွင် မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ မြို့မဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည့်ပဋ္ဌာန်းပွဲနောက်ဆုံးနေ့ နောက်ဆုံးအချိန်ပဋ္ဌာန်းရွတ်အပြီး ပွဲခင်းထဲမှ အခန်းထဲသို့ပြန်ကြွစဥ် အသင့်စောင့်နေသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးက ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
"ဆရာတော်ကို စရဖ ၂ ယောက်က ဘယ်တစ်ယောက်၊ ညာတစ်ယောက် ညှပ်ပြီးခေါ်သွားတာ။ ဆရာတော်က ဘာကြောင့်ဖမ်းတာလဲမေးတော့ စစ်ဆေးစရာရှိတယ်လို့ပြောတယ်။ ဆိုတော့ဆရာတော်ကလည်း ငါ့ကိုဖမ်းမယ်ဆိုရင် ဒီအတိုင်းဖမ်းလို့မရဘူး။ ကျောင်းထိုင်ဆရာတော်ကို လျှောက်ရဦးမယ်။ ငါက ဒီကျောင်းမှာနေတာလို့ပြောတယ်။ ကျောင်းထိုင်ဆရာတော်လည်း ဝင်ပြီးပြောပေမဲ့ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားကြတာ"ဟု ပြောသည်။
ဆရာတော်ကို မည်သည့်အတွက်စစ်ဆေးရန်ခေါ်သွားသည်ကိုမသိရသေးသလို မည်သည့်နေရာသို့ခေါ်သွားသည်ကိုလည်း ယနေ့ နိုဝင်ဘာ ၅ ရက် ညနေ ၄ နာရီအထိ မသိရသေးဟု ဆရာတော်နှင့်နီးစပ်သူများက ပြောသည်။
ဖမ်းဆီးခံနေရသည့်ဆရာတော် ဦးပညာသီရိသည် မောင်တောမြို့နယ် မြောက်ပိုင်းရှိ မောင်တောမြို့နှင့် ၁၆ မိုင်ခန့်ဝေးသော ရွက်ညိုတောင် ကျေးရွာတွင် ကျောင်းထိုင်နေသည့် ဆရာတော် ဖြစ်သည်။
မောင်တောမြို့နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်မှစတင်ကာ တကျော့ပြန်တိုက်ပွဲများပြင်ထန်နေမှုကြောင့် စစ်ကောင်စီတပ်က လမ်းခရီးများ ပိတ်ထား၍ မောင်တောမြို့မကျောင်းတွင် ယာယီခိုလှုံနေခြင်း ဖြစ်သည်ဟု သိရသည်။
(နိရဉ္စရာသတင်းများကို အောက်ပါလင့်များတွင်လည်း ဖတ်ရှုနိုင်သည်။)
အင်္ဂလိပ်သတင်း ဝက်ဆိုက်- www.narinjara.com
မြန်မာသတင်း ဝက်ဆိုက် - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ