စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

စစ်တွေမြို့နှင့်ပုဏ္ဏားကျွန်းမြို့အကြားတွင် စကစရိက္ခာကားမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာများအနီးဝန်းကျင်ကို စစ်ကောင်စီကစစ်ရဟတ်ယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.7k

 

နိရဉ္စရာ၊ နိုဝင်ဘာ ၁၀/၂၀၂၂

 

ယနေ့ နံနက် ၇ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့် ပဒေသာကျေးရွာကြားရှိ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် စစ်ကားတစ်စီးမိုင်းဆွဲခံရပြီးနောက် ကျေးရွာများအနီးဝန်းကျင်ကို စစ်ကောင်စီက စစ်ရဟတ်ယာဉ်အသုံးပြုကာ လာရောက် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

 

အနီးအနားရှိ ကျေးရွာသားတစ်ဦးက "ပစ်တော့ပစ်နေပါတယ်။ ရွာနားကတောင်တန်းတွေ အားလုံးကို ပစ်နေပါတယ်။ အိုင်ဒင်ရွာထဲကိုတော့ လက်နက်ကြီး ၆ လုံးလောက်ကျပါတယ်။ လူတွေအထိအခိုက် ရှိမရှိ အဆက်အသွယ်မရနိုင်ပါဘူး။ အထုပ်သည်နဲ့ အလယ်ချောင်းဘက်က ကုန်းဆိပ်တွေကိုလည်း ပစ်နေတယ်လို့ အဲဒီရွာက ရွာသားတွေလည်းပြောပါတယ်။ လက်နက်ကြီးတွေနဲ့ပစ်နေသလို ရဟတ်ယာဉ်ပေါ်ကလည်းပစ်နေတာပါ" ဟုပြောသည်။

 

စစ်ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ်မှုကို ခံနေရသည့်ကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပဒေသာ၊ အထုပ်သည်၊ ဆင်အင်းကြီး၊ အိုင်ဒင်နှင့် အလယ်ချောင်းကျွန်းကျေးရွာအုပ်စုများ ကျေးရွာအချို့တို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါစစ်ရဟတ်ယာဉ်သည် ယနေ့နံနက် ၇ နာရီကျော်ခန့်က စစ်ကားတစ်စီးမိုင်းဆွဲခံရပြီး နောက်ပိုင်းတွင် အထက်ပါကျေးရွာများအပေါ်မှ ဝဲပျံကာ လာရောက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း

 

အထက်ပါကျေးရွာများ အနီးဝန်းကျင်ကို စစ်ရဟတ်ယာဉ်အပြင် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်နှင့် စစ်တွေအခြေစိုက် ၃၄၄ တပ်ရင်းတို့ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

 

ထိုသို့ပစ်ခတ်နေမှုများကြောင်း ကျေးရွာအတွင်းရှိ ဒေသခံများမှာလည်း နီးစပ်ရာ ဘေးလွှတ်ရာသို့ ရရာနည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦးကပြောသည်။

 

"ရွာသားတွေကတော့ ရွာမှာမနေတော့ဘူး။ အခြားဝေးတဲ့နေရာတွေကို ဆိုင်ကယ်တွေဘာတွေနဲ့ သွားရှောင်နေကြပါတယ်။ ရွာမှာကတော့ လူမရှိသလောက်ကျန်ပါပြီ။ သွားလို့မရတဲ့ သက်ကြီးပိုင်းတွေလောက်ပဲ ကျန်ပါတော့တယ်" ဟုပြောသည်။

 

အဆိုပါပစ်ခတ်မှုများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် လမ်းသွား၊ လမ်းလာများ နည်းပါးနေပြီး အနီးအနားရှိရွာများကို စစ်ရဟတ်ယာဉ်ဝဲပျံကာ ပစ်ခတ်နေမှုများကို မြင်တွေ့နေရကြောင်း ကွန်းတောင်ကျေးရွာသားတစ်ဦးကပြောသည်။

 

"အခုကတော့ လေယာဉ်နဲ့အပေါ်ကပျံပြီးတော့ အနီးကရွာတွေကို ပစ်နေတာရှိပါတယ်။ ကွန်းတောင်ရွာအထက်ကလည်း ဝဲပျံသွားတာတွေရှိပါတယ်။ ပစ်ခတ်ခဲ့တာတော့မရှိဘူး။ ရွာကဘူတာမှာနေတဲ့ စစ်သားတွေကတော့ မနက်ကဖြစ်တုန်းက ပစ်ကူပေးတာတွေရှိတယ်။ ရွာထဲမှာတော့ ရှောင်နေကြတာလည်းရှိပါတယ်။ ကားလမ်းမှာတော့ တစ်စီးတစ်လေလောက်ပဲ သွားနေကြတာမြင်ပါတယ်။ သူတို့ကတော့ မသိလို့သွားနေတာဖြစ်နိုင်ပါတယ်" ဟုပြောသည်။

 

လက်ရှိတွင် လက်နက်ကြီးများနှင့် စစ်ရဟတ်ယာဉ်မှ ပစ်ခတ်မှုတို့ကြောင့် ဒေသခံများ အထိအခိုက်ရှိမရှိကို နိရဉ္စရာမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

 

ယနေ့နံနက် ၇ နာရီကျော်ခန့်က၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့်ပဒေသာကျေးရွာကြားရှိ ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ရိက္ခာတင်ဆောင်လာသည့် စစ်ကားများကို  ရက္ခိုင့်တပ်တော်(အေအေ)က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့်  တစ်စီးထိမှန်ကာ စစ်သားအများအပြား သေဆုံးထိခိုက်မှုရှိခဲ့ပြီးနောက်တွင် စစ်တပ်က လူနေကျေးရွာများအနီးဝန်းကျင်ကို လက်နက်ကြီးများ ပစ်ခတ်မှုပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

(NN-8)

ဆက်စပ် သတင်းများ