စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များကို ခေါ်ယူရန် စစ်ကောင်စီက စီစဉ်နေမှု ဟန်ပြသဘောဟု ULA/AA မှတ်ချက်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.6k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၇/၂၀၂၃

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မူဆလင်ဒုက္ခသည်များကို စစ်ကောင်စီက ပြန်လည်ခေါ်ယူရန် စီစဉ်နေသည်မှာ ဟန်ပြလုပ်ဆောင်လုပ်ဆောင်ခြင်းသာဖြစ်ပြီး နောက်ကွယ်တွင် နိုင်ငံရေးနောက်ခံ စဉ်းစားချက်များ ပါနေနိုင်သည်ဟု ULA/AA က ပြောဆိုလိုက်သည်။

 

ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ၏ သတ္တမအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ယခုကဲ့သို့ ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

 

ွတ်ဆလင် ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့လုပ်နေတယ်ဆိုတဲ့ကိစ္စက ဟန်ပြဖြစ်ဖို့များပါတယ်။ ဘာကြောင့်လဲ ဆိုရင် ရခိုင်ပြည်နဲ့ FPNCC  အဖွဲ့ဝင်တချို့ နယ်မြေတွေကလွဲလို့ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် တည်ငြိမ်မှုမရှိ၊ လုံခြုံရေးအရလည်း စိတ်မချရသေးတဲ့အခြေအနေမှာ အခုလို လက်ခံဖို့ လုပ်ပြနေတာက အဲဒီကိစ္စမှာ စစ်ကောင်စီ ဘက်က နိုင်ငံရေးနောက်ခံ စဉ်းစားချက်တွေ အများကြီး ပါနေနိုင်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်ဟု ပြောသည်။

 

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုမှုကို ရရှိစေရန်အတွက် လုပ်ဆောင်မှုမျိုးဖြစ်သည်က ဦးခိုင်သုခက ဆက်ပြောခဲ့သည်။

 

လက်ရှိ စစ်ကောင်စီရဲ့သူတို့အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုမှုရရှိဖို့အတွက် ဟန်ပြလုပ်ဆောင်တဲ့ ခြေလှမ်းတစ်ခုသာဖြစ်တယ်လို့ ကျနော်တို့ကတော့ အဲဒီလိုမျိုးမြင်ပါတယ်။ ပြီးတော့ အနှစ်သာရရှိရှိ လုပ်ဆောင်တာမျိုးထက် အပြန်ပန်းသဘောတရားအရ လုပ်ဆောင်တဲ့ ကိစ္စတစ်ခုပဲလို့ ကျနော်တို့ သုံးသပ်ပါတယ်ဟုဆိုသည်။

 

စစ်ကောင်စီ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် အပါအဝင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့အဖွဲ့သည် မောင်တောမြောက်ပိုင်းရှိ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်က သွားရောက်ခဲ့သည်။


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ကျင်းပသည့် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယအကြိမ် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား Pilot Project ဖြင့် လျာထားဆောင်ရွက်နိုင်ရေး ဆုံးဖြတ်ခဲ့သည်ဟု သိရည်။ 

 

၂၀၁၇ ခုနှစ်က အာဆာ(ARSA) အဖွဲ့က မောင်တော နယ်ခြားစောင့်ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းမှုဆောင်ရွက်ခဲ့သည့်အတွက် ရခိုင်မြောက်ပိုင်းမှ ွတ်ဆလင် ၇ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ရသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် မြန်မာစစ်တပ်သည် မွတ်ဆလင်များကို လူမျိုးတုန်းသတ်ဖြတ်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းများ ကျူးလွန်သည်ဟုဆိုကာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ICJ ၌ တရားစွဲဆိုထားပြီး လက်ရှိအချိန်အထိ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ (NN-3)

ဆက်စပ် သတင်းများ