စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးက ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကို ကိုယ်ထိလက်ရောက် လက်သီးနှင့်ထိုးပြီးရိုက်နှက်၍ ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.7k

(ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက ရဲစခန်းတွင် အမှုဖွင့်)


နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၇/ ၂၀၂၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးက ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကို ဒဏ်ရာရသည်အထိ ကိုယ်ထိလက်ရောက် လက်သီးနှင့်ထိုးကာ  ရိုက်နှက်ခဲ့သဖြင့်  ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှာ ဒဏ်ရာရရှိသွားပြီး ဆေးရုံတွင် ကုသခဲ့ရသည်ဟု သတင်းရရှိသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် မြို့နယ်ထွေအုပ်ရုံးဝန်း စုပေါင်းရုံး သုံးထပ်ဆောင်တွင် ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သည်ဟု ကာယကံရှင် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သာမောင်က နိရဉ္စရာကို ပြောသည်။

ဝန်ထမ်းတွေ ကွန်ပျူတာရိုက်နေတာကို video မှတ်တမ်းရိုက်ဖို့လုပ်နေတာကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဖုန်းကို ရိုက်ချလိုက်ပြီးတော့ မင်းသတိထားဆိုပြီးတော့ မင်းကို ငါသတိပေးမယ် ဒါနိုင်ငံတော်အလုပ် မင်းငါ့ကိုဘာမှလည်း သတင်းမပို့ဘူး။ ကျွန်တော် အကျိုးအကြာင်းရှင်းပြတော့ ကျွန်တော့်ကို အမှောင်ရိပ်ထဲကို ခေါ်ပြီးတော့ လက်သီးနဲ့ ၂ချက်၊ ၃ချက်ဆွဲထိုးပါတယ်။ သူရဲ့ လက်ကိုင်ဖုန်းနဲ့ နားထင်ကို ၂ချက်၊ ၃ချက် ရိုက်ပါတယ်။ အဲ့ချိန်ကျွန်တော် လကျသွားပါတယ် ဟုပြောသည်။


ထို့နောက် ဝန်ထမ်းများအသံကြား၍ ထွက်လာသောအခါ ဟန့်တားလိုက်ကြပြီး ဒုမြို့နယ် အုပ်ချုပ်ရေးမှူးကို မင်းပြားပြည်သူ့ဆေးရုံကြီးကို ခေါ်ဆောင်သွားပြီး၊ ဒဏ်ရာများအား ဆေးကုသပေးခဲ့သည်ဟု သိရသည်။


အရိုက်ခံရသည့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှာ မျက်စိတစ်ဝိုက် အပြင် နားထင်နဲ့ ဒူးခေါင်းတို့တွင် ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ယခုကိစ္စနဲ့ ပတ်သတ်ပြီး မင်းပြားမြို့နယ် မြို့မရဲစခန်းကို  ဖေဖော်ဝါရီ ၂၆ ရက်နေ့ ၆နာရီခန့်တွင် သွားရောက်တိုင်ကြားထားပြီးနောက်မြောက်ဦးခရိုင်စခန်းရေးမှူးက ဖုန်းဆက်လာသည်ဟု ၎င်းကဆက်ပြောသည်။

 မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးက ဦးကျော်သာမောင်တို့က ဝန်ထမ်းတွေဖြစ်တယ်။ ဝန်ထမ်းပိုင်းနဲ့ ရှုပ်ယှက်သွားမှာ ကြောက်လို့ ထပ်ပြီး သုံးသပ်စဉ်းစားစေချင်တယ်လို့ပြောလာပါတယ်။ ကျွန်တော့် သေချာစဉ်းစားပြီး၊ ဒီနေ့မနက်က ထပ်ဖုန်းဆက်ပြီးတော့၊ ကျွန်တော် အမှုပြန်ဖွင့်ဖို့ အကြောင်းကြားထားပါတယ် ဟုပြောသည်။

ကိုယ်ထိလက်ရောက်ရိုက်နှက်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူမှာ ဗမာလူမျိုး ဦးမျိုးစိုးမိုး အသက် ၅၄ နှစ်ခန့်ရှိပြီး၊ အရိုက်ခံရသည့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှာ ရခိုင်မျိုးနွယ်စုဝင် ဒိုင်းနက်လူမျိုး ဦးကျော်သာမောင် အသက် (၄၀) နှစ်ရှိသည်ဟု သိရသည်။

တိုင်ထားတယ်လို့တော့ ပြောလို့ရတယ်။ လောလောဆယ်ကတော့ ကျွန်တော်တို့ဘက်ကတော့ ဘာမှလုပ်ဆောင်တာတော့ မရှိသေးပါဘူး။ အနေအထားတစ်ခုထိတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့ကို တိုင်ကြားလာပြီဆိုရင်တော့ အထက်ကိုတင်ပြပြီးတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ပေးရမှာပေါ့ ဟု မင်းပြား မြို့မရဲစခန်းမှူး ရဲမှူးတင်ရွှေက ပြောသည်။

ယခုကိစ္စနဲ့ ပတ်သတ်ပြီး မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး ကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။ (NN-13)

ဆက်စပ် သတင်းများ