စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

စစ်ကောင်စီဥက္ကဋ္ဌ စစ်တွေကတဆင့် ကျောက်ဖြူသို့ သွားရောက်ပြီး ရေနက်ဆိပ်ကမ်းကိုကြည့်ရှု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.6k

နိရဥ္စရာ ၊ ဖေဖော်ဝါရီ ၂၈ / ၂၀၂၂


လက်ရှိ ရခိုင်သို့ရောက်ရှိနေသည့် အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မနက် ၁၀ နာရီခန့်က ကျောက်ဖြူမြို့သို့ ရောက်ရှိလာပြီး ရေနက်ဆိပ်ကမ်းတည်ဆောက်ရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း မြို့ခံများက ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်စီးလာသည့်စစ်ရဟတ်ယာဉ်မှာ ယနေ့မနက် ၁၀ နာရီအချိန်လောက်က ကျောက်ဖြူလေယာဉ်ကွင်းသို့ဆိုက်ရောက်ခဲ့ပြီး မြို့အဝင်အထွက် လုံခြုံရေးအထူး တင်းကြပ်မှုများလည်းရှိခဲ့ကြောင်း ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

"စစ်ရဟတ်ယာဉ်နဲ့လာတာပါ။ သူရောက်ပြီး မြို့ထဲမှာ တချို့လမ်းတွေကို သွားလာခွင့်မပေးဘဲ ပိတ်လိုက်တာတွေရှိတယ်။ ရေနက်ဆိပ်ကမ်းတည်ဆောက်နေတဲ့ ဇုန်ကိုသွားခဲ့တယ်လို့လည်းသိရတယ်"  ဟု ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌသည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြည်နယ်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပြီး ယနေ့မနက်ပိုင်းတွင် ရေနက်ဆိပ်ကမ်းစီးပွားရေးဇုန်ရှိရာကျောက်ဖြူမြို့သို့ သွားရောက်ခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့်  အထူးစီးပွားရေဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရန်ရှိကြောင်း သတင်းထွက်ပေါ်နေပြီး ယနေ့သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်ပြီး အသေးစိတ်ကို နိရ ဉ္စရာက စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၂၆ ရက်မနက်ပိုင်းတွင် စစ်တွေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများမြှင့်တင်ရေး အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် ရခိုင်ပြည်သို့ လာရောက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်တွေတွင်တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့သော်ဘည်း ယင်းစကားမှာ ရခိုင်သို့ ရောက်ရှိနေသည့် နိုင်ငံတော်အဆင့် ခေါင်းဆောင်များ ပြောနေကျ စကားဟု  စစ်တွေမြို့မှ နိုင်ငံရေးလှုပ်ရှားနေသူ တစ်ဦးက ပြောသည်။. (NN-23)

 

ဓာတ်ပုံ - စစ်ကောင်စီခေါင်းဆောင်ကို ယမန်နေ့က စစ်တွေတွင် တွေ့ရစဉ်။

ဆက်စပ် သတင်းများ