တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြေပုံမြို့မှ ရန်ကုန်သို့ကားဖြင့်လာသည့် ချင်းအမျိုးသမီး ၁ ဦး ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 6.3k

နိရဥ္စရာ၊ မတ် ၇ / ၂၀၂၃

ရန်ကုန်မြို့သို့ ပြီးခဲ့သည့်ရက်ပိုင်းက ကားဖြင့်လာသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့မှ ချင်းအမျိုးသမီး ၁ ဦးပျောက်ဆုံးသွား၍ မိသားစုဝင်များ အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

ပျောက်ဆုံးနေသူမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ သင်္ဘောဆိပ်တွင် နေထိုင်သည့် မချယ်ရီသန်း(၂၄) နှစ်ဖြစ်ပြီး ၁၁/မပတ(နိုင်) ၀၇၇၁၀၆ မှတ်ပုံတင်ကို ကိုင်ဆောင်သူဖြစ်သည်။

သူမသည် မတ်လ ၃ ရက်၊ ညနေပိုင်းက မြေပုံမြို့မှ ကြံတိုင်းအောင်ကားဖြင့် ရန်ကုန်မြို့သို့ လိုက်ပါလာခြင်းဖြစ်ပြီး မတ်လ ၄ ရက်၊ ညနေပိုင်းတွင် ရန်ကုန်သို့ရောက်ရှိနေပြီဟုဆိုကာ ညီမဖြစ်သူထံဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီးနောက် ဆက်သွယ်မရတော့ကြောင်း ညီမဖြစ်သူ မနွယ်ရီသန်းက နိရဥ္စရာကို ပြောသည်။

"ရန်ကုန်ကိုရောက်ပြီဆိုပြီး ညနေ ၄ နာရီလောက်မှာ ဖုန်းဆက်တယ်။ ပြီးတော့ taxi ငှားပြီး လာနေပြီလို့ ပြောတယ်။ နောက်နာရီဝက်လောက်ကြာပြီး သူ့ကိုဖုန်းခေါ်ကြည့်တော့ ဖုန်းစက်ပိတ်နေပြီ။ ဆက်သွယ်လို့မရဘူး" ဟု ပြောသည်။

ပျောက်ဆုံးနေသူ မချယ်ရီသန်း၏ မိခင်မှာ သွေးကင်ဆာရောဂါဝေဒနာကြောင့် ဖေဖော်ဝါရီလကပင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သမီးငယ်ဖြစ်သူ မနွယ်ရီသန်းနှင့်အတူ နေထိုင်ကာ ဆေးခန်းပြ၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

လက်ရှိတွင် မနွယ်ရီသန်းမှာလည်း အလုပ်တစ်ဘက်နှင့်ဖြစ်၍ ပျောက်ဆုံးနေသူ မချယ်ရီသန်းက မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ပေးနိုင်ရန် ရန်ကုန်သို့ လာရောက်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်။

သူမသည် ရန်ကုန်သို့ ယခင်ကတစ်ခါမျှမရောက်ဖူးဟုလည်း သိရသည်။

မိသားစုအနေဖြင့် မချယ်ရီသန်းလိုက်ပါလာခဲ့သည့် ကြံတိုင်းအောင်ဂိတ်တွင် သွားရောက်စုံစမ်းခဲ့ရာ သူမသည် မှော်ဘီမြို့တွင် ဆင်းသွားသည့်အထဲပါနိုင်သည်ဟု ပြောဆိုခဲ့ကြောင်း မနွယ်ရီသန်းက ပြောသည်။

လူပျောက်မှုနှင့်အမှုဖွင့်တိုင်တန်းရန်လည်း မည်သည့်မြို့နယ်တွင် ပျောက်ဆုံးသွားသည်ကိုမသိရှိရ၍ မတိုင်ကြားရသေးဘဲရှိနေကြောင်း ပြောသည်။

ပျောက်ဆုံးနေသည့် မချယ်ရီသန်းတွင် မြေပုံမြို့၌ အမျိုးသားဖြစ်သူနှင့်အတူ ၆ နှစ် အရွယ်သားငယ်တစ်ဦးရှိသည်ဟုလည်း ဆိုသည်။

လက်ရှိတွင် သတင်းအစအနမရသည်မှာ ၄ ရက်ခန့်ကြာနေပြီဖြစ်၍ မိသားစုဝင်များမှာ စိုးရိမ်နေပြီး အမြန်ဆုံးအဆက်အသွယ်ရလိုကြောင်း ပြောသည်။ (NN-23)

ဆက်စပ် သတင်းများ