သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

လေဘေးကယ်ဆယ်ရေး အဓိကလုပ်နေသူရခိုင်ပရဟိတသမားတစ်ဦးအား စစ်ကောင်စီကဖမ်းဆီးပြလိုက်ပြီးနောက် ကူညီကယ်ဆယ်ရေးကို သတိဖြင့်သွားလာလုပ်ကိုင်နေကြရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 432

မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်သူများအား တတ်နိုင်သည့်ဘက်က ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသည့် ပရဟိတသမား စာရေးဆရာဝေဟင်အောင်အား စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးပြီးနောက်ပိုင်း လူမှုကယ်ဆယ်ရေး လုပ်နေသူမျာအနေဖြင့် စိုးရိမ်မှုနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းကို သတိထား လုပ်ဆောင်နေကြရသည်ဟု ကာယကံရှင်းများက ပြောသည်။


မြောက်ဦးမြို့မှ ကူမှုကူညီရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက  "ကျနော်တို့အဖွဲ့မှမဟုတ်ဘူး။ ရခိုင်မှာ အခုလတ်တလောဖြစ်နေတဲ့ ကိစ္စရပ်တွေကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေရှိကြမယ်လို့ ထင်တယ်။ လုပ်တာတော့ လုပ်နေကြတယ်ပေါ့။ စကစ တပ်တွေမှာ အစစ်အဆေးခံရမလား။ အမေးအမြန်းခံရမလား။ သို့မဟုတ် သံသယနဲ့ဖမ်းမလား။ အဲ့လိုပုံစံ စိုးရိမ်မှုတွေ အများကြီးရှိနေကြပါတယ်။ ရင်တထိတ်ထိတ်နဲ့ ကူညီကယ်ဆယ်ရေး လုပ်နေရတဲ့ အနေအထားပါ"ဟု ပြောသည်။ 

 

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ  မိုခါမုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများအတွက် ကယ်ဆယ်ရေး ပေးရန်သွားသည့် စာရေးဆရာဝေဟင်အောင် ပါအဝင် ဗိုလ်စိန်ပရဟိတအသင်းမှ အသင်းဝင်များ စုစုပေါင်း()ဦးတို့ကို မေ ၂၃ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ်ကာ  နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ 

 

ထိုဖမ်းဆီးမှုနောက်ပိုင်း ပရဟိတ လူမှုရေးအကျိုးပြုလုပ်ဆောင်နေကြသူများအကြား စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့ရသည်။

 

ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ခေါင်းဆောင်တစ်ဦးက "စိုးရိမ်မှုကတော့ ကျွန်တော်တို့အနေနဲ့ ရှိပါတယ်။ ဆရာဝေဟင်အောင်ကို ဖမ်းခြင်းအားဖြင့် ရခိုင်ပြည်မှာ လက်ရှိလုပ်နေကြတဲ့ ပရဟိတ သမားတွေကို တစ်ဘက်နည်းနဲ့ ခြိမ်းခြောက် လိုက်တာလည်း ဖြစ်လို ကျွန်တော်တို့ လက်ရှိ ဒုက္ခရောက်နေကြတဲ့သူတွေအတွက် ကူညီမှုတွေကို နှောင့်နှေးအောင်ပြုလုပ်လိုက်တယ်လို့လည်း ယူဆလို့ရပါတယ်ဟု ပြောသည်။

 

စာရေးဆရာဝေဟင်အောင်နှင့် အဖွဲ့အား ဖမ်းဆီးပြီးနောက် နောက်ထပ် လေဘေးကူညီရေး လုပ်ဆောင်နေသူများအား ဖမ်းဆီးခြင်းများ ထပ်မရှိသော်လည်း သူတို့ (စကစ) က မကျေနပ်လျှင် အချိန်မရွေး ဖမ်းဆီးနိုင်သဖြင့် လူတိုင်း စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများဖြစ်ပေါ်နေရသည်ဟု ဆိုသည်။

 

ဆရာဝေဟင်အောင်တို့လို ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတို့လို လူတွေကို သူတို့ အနှောင့်အယှက်တွေ ပေးတယ်ဆိုရင် တစ်ဘက်တစ်လမ်းက လေဘေးဒုက္ခသည်တွေကို ပိုပြီး အခက်အခဲအကျပ်တည်းဖြစ်အောင် လုပ်လိုက်တာနဲ့တူပါတယ်။ ဒါကြောင့် မှန်မှန်ကန်ကန် လူမှုရေး အကျိုးပြု ဆောင်ရွက်နေသူတွေကို အားမပေးချင်တောင်မှ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးသင့်ပါတယ် ဟု ၎င်းက ဆက်ပြောသည်။

 

နောက်ထပ် စစ်တွေကို အခြေပြုပြီး လူမှုရေး ဆောင်ရွက်နေသူ တစ်ဦးက " ဆရာဝေဟင်အောင် ဖမ်းဆီးပြီး ပြန်လွတ်လာပေမယ့် ပရဟိတ သမားတွေအကြား အနည်းအများတော့ ထိခိုက်မှု ရှိနိုင်တယ်။ ဒါပေမယ့် ပြည်သူတွေက အရမ်း ဒုက္ခရောက်နေကြတော့ အရင်ထက်တော့ ကူညီပေးတာ ကတော့ နည်သွားမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် လမ်းကြောင်းတွေ ရှောင်သွားတဲ့ပုံစံတွေ၊ ခရီးတွေဟာ တစ်နာရီရောက်မယ့် ခရီးကို  နာရီသွားရတဲ့ ပုံစံတွေ၊ ရှောင်သွားရတော့ ပြောရရင် ခရီးနှောင့်နှေးသွားတယ်"ဟု ပြောသည်

 

ရခိုင်တွင် မုန်တိုင်းကြောင့် ခိုင်ပြည်မြောက်ပိုင်းမြို့နယ်များအားလုံး ၉၀ နှင့် ၉၅ ရာခိုင်နှုန်းအထိ နေအိမ်အဆောက်အအုံ၊ စေတီပုထိုး၊ ဘုရားကျောင်းကန်၊ ဘာသာရေး အဆောက်အဦများ ပျက်စီးခဲ့ရပြီး လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့ရသည်။

 

သို့သော် လက်ရှိအချိန်အထိ မုန်တိုင်းသင့်ပြည်သူ များစုထံကို  နိုင်ငံတကာမှအကူအညီများ အပါအဝင် စစ်အစိုးရ၏ လေဘေးကယ်ဆယ်ရေး အကူအညီများ မရရှိသေးသလို ကျေးရွာ အများအပြားတွင် ရိက္ခ ပြတ်လပ်မှု၊ သောက်သုံးရေရှားပါးမူတို့နှင့် ကြုံတွေ့ရင်ဆိုင်နေရသည်ဟု လေဘေးသင့်ပြည်သူများ က ပြောဆိုသည်။ 

 

လေဘေးကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများအား  တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ရေး ဆောင်ရွက်နေသည့် ပရဟိတသမားများကို ဖမ်းဆီး စစ်ဆေးမေးမြန်းမှုများမှာ လေဘေးသင့် ပြည်သူများ ပိုဒုက္ခရောက်အောင်ရည်ရွယ်လုပ်ဆောင်သည်နှင့်တူနေပြီး ပြည်သူများကို ပို၍ အငတ်ဘေးနှင့်ကြုံတွေ့ရအောင် ဆောင်ရွက်သည်နှင့်လည်း တူနေ​ကြောင်း ကျောက်တော်မြို့နယ်မှ လေဘေးသင့်ပြည်သူတစ်ဦးက ပြောသည်။ 

 

"အားလုံး တစ်ဖက်တစ်လမ်းကူပေးနေကြတာ။ ကူညီပေးနေသူတွေကို မကြိုဆိုရင်တောင်အနှောင့်အယှက်တော့မပေးသင့်ပါဘူး။ ဒီလူတွေပို ဒုက္ခရောက်နိုင်တာပေါ့။ ဒီမှာတော့ စ်ကောင်စီက ဘာအကူအညီမှမရောက်သေးဘူး" ဟု ပြောသည်။

 

လက်ရှိမှာလည်း ရခိုင်တွင် မိုးရွာသွန်းမှု မကြာခဏရှိနေပြီး မကြာမီ မိုးရာသီကို ရောက်ရှိလာတော့မည်ဖြစ်၍ ပြိုပျက်သွားသည့်နေအိမ်များကို အမြန်ဆုံး ပြုပြင်နိုင်ရန်လိုအပ်နေပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများကို ဆိုးဝါးစွာရင်ဆိုင်နေရချိန် ဖြစ်သည့်အတွက် စစ်ကောင်စီအနေဖြင့်  ပြည်သူ့အရေးကို ရှေးရှုသင့်သည်ဟု ပရဟိတသမားများက ပြောသည်။(NN-7)

 

(ဓာတ်ပုံ-မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း)

ဆက်စပ် သတင်းများ