တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရသေ့တောင်ဒေသခံတစ်ဦး ဝက်ဝံကိုက်ခံရပြီးဆေးရုံတင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 895

(မိုချာမုန်တိုင်းတိုက်ခတ်ပြီးနောက် တောတောင်များရှိ သဘာ၀အလျောက်ပေါက်ရောက်နေသည့် သီးပင်စားပင်များပြိုလဲပျက်စီးကုန်၍ တောရိုင်းတိရိစ္ဆာန်များရန်ပြုမှုပိုများလာ)

 

ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ၊ ကျောက်စာတိုင်ကျေးရွာမှ အမျိုးသားတစ်ဦးသည်  မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့်နေအိမ်ကို ပြုပြင်ရန်ချည်နှောင်ရန် နွယ်ကြိုးများအား တောထောင်ထဲသို့ သွားရောက်ရှာဖွေစဥ် ဝက်ဝံကိုက်ခံရပြီး အရေးပေါ်ဆေးရုံတင်လိုက်ရသည်ဟု သတင်းရရှိသည်။

 

ယင်းသို့ဒဏ်ရာရရှိသွားသူမှာ ကျောက်စာတိုင်ကျေးရွာမှ အသက်(၅၇)နှစ် အရွယ် ဦးမောင်နုချေဖြစ်ကြောင်းသိရသည်

သူသည် ယနေ့မေလ ၃၀ ရက်၊ မနက် နာရီအချိန်က နောက်ထပ်ကျေးရွာသား တစ်ဦးနှင့် အတူ ကျေးရွာနောက်ဘက်ရှိ မယူတောင်ထဲသို့ နွယ်ကြိုးများရှာရန် သွားနေစဥ် ဝက်ဝံနှင့်ပက်ပင်းတိုးကာ ကိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း သူ၏ ယောက်ဖဖြစ်သူကပြောသည်။

 

" ရွာမှာရှိတဲ့ အိမ်တွေ အကုန်ပြိုတယ်။ ပြန်ဆောက်ဖို့ တောထဲ တောင်ထဲ နွယ်ကြိုးတွေ ရှာဖို့  ရွာကနောက်ထပ်တစ်ယောက်နဲ့အတူ သွားကြတာပါ။ တယောက်က လွတ်ပြီးတော့ သူက မလွတ်လိုက်ဘဲ ဝက်ဝံကိုက်ခံရတာပါ။မျက်လုံးနဲ့ တံတောင်ဆစ်တွေမှာ ဒဏ်ရာရသွားတာပါ" ဟု သူကပြောသည်။

 

ဦးမောင်နုချေမှာ ဝက်ဝံကိုက်ခံရ၍ ဘယ်ဖက်မျက်လုံးတွင် ဒဏ်ရာပြင်းထန်ရရှိပြီး တံတောင်ဆစ်တွင်လည်း ဒဏ်ရာရရှိခဲ့သည့်အတွက် မနက် ၁၀ နာရီအချိန်တွင် ရသေ့တောင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သူကဆက်ပြောသည်။

 

၄င်း၏ မျက်လုံးတွင်ရရှိခဲ့သည့်ဒဏ်ရာမှ ပြင်းထန်သည့်အတွက် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ရန်ဆရာဝန်ကညွှန်ကြားထားပြီး မနက်ဖြန် မေလ ၃၁ ရက် နံနက်ပိုင်းတွင် ပို့ဆောင်သွားမည်ဟုလည်း နိရဥ္စရာသို့ပြောသည်။

ဦးမောင်လုံးချေသည် ယခင်ကပင် မယူတောင်တန်းတွင် အမဲလိုက်အလုပ်ဖြင့် အသက် မွေးဝမ်းကျောင်းပြုသူတစ်ဦးဖြစ်ကြောင်းသိရသည်။

 

မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် တောရိုင်းတိရစ္ဆာန်များ မှီခိုစားသောက်နေသည့် ရခိုင်မှ တောတောင်များရှိ သီးပင်စားပင်များမှာ ပျက်စီးကုန်သဖြင့် တောရိုင်းတိရစ္ဆာန်များသည် လူနေ ကျေးရွာများအနီးထိ အစာရှာရန်လာရောက်မှုများရှိနေကြောင်း ဒေသခံများက ပြောကြားသည်။  

 

မေလ ၂၇ ရက် နံနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာမှ ဦးမောင်လှကြီး (၇၀) နှစ်သည် ကျေးရွာအနီးမယူတောင်ထဲတွင် တောင်ယာလုပ်ကိုင်ရန်သွားစဥ် တောဆင်ရိုင်း နင်းခံရပြီးသေဆုံးခဲ့သည်ဟုကျေးရွာသားများကပြောသည်

 

ကျေးရွာသားတစ်ဦးက မယူတောင်တွင် ကျက်စားနေသည့် တောဆင်ရိုင်းများမှာ ပြီးခဲ့သည့် မေ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မယူတောင်တွင် အစာရေစာရှားပါးလာ၍ လူနေကျေးရွာများအနီးသို့ မကြာမကြာလာရောက်ခြင်းများ ရှိနေသည်ဟု ပြောသည်။

 

အခုဆင်တွေက ရွာနားကို ပုံမှန်ရောက်ပါတယ်၊ မုန်တိုင်းပြီးတော့။ တောင်တွေမှာက စားပင်သောက်ပင်တွေနည်းသွားတော့။ ညဘက်ဆိုရင် ရွာနားကို အမြဲတမ်းရောက်ပါတယ်ဟုပြောသည်။

 

မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနေကျေးရွာများသာမက တောင်တောင်ထဲရှိ သစ်ပင်အများအပြားလည်း ပြိုလဲပျက်စီးခဲ့သဖြင့် တောရိုင်းတိရစ္ဆာန်များလည်း အစားရေစာရှားပါးကုန်သည်ဟု ဒေသခံများက ဆိုကြသည်။

 

 (NN-23)


ဓာတ်ပုံ- လူမြတ်

ဆက်စပ် သတင်းများ