တနင်္လာ၊ စက်တင်ဘာလ ၉ရက်၊ ၂၀၂၄

စစ်တွေဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် နှစ် ၃ဝ ထောင်ချခံထားရသည့် ဦးအေးဝင်း လွတ်ရက်စေ့၍ ယနေ့ လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်းက ဗုံး ၃ လုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထောင်ဒဏ် နှစ် ၃ဝ ချမှတ်ခံထားရသော ဦးအေးဝင်းသည် လွတ်ရက်စေ့၍ ယနေ့နံနက်တွင် လွတ်မြောက်လာခဲ့ပြီဟု သိရသည်။

ဦးအေးဝင်းသည် ယနေ့ ဇွန်လ ၂၈ ရက်၊ နံနက် ၉ နာရီကျော်တွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု သူ့ကို ထောင်ဗူးဝတွင်သွားရောက်တွေ့ဆုံခဲ့သူ စစ်တွေမြို့ခံ ဦးအောင်သန်းဝေက နိရဥ္စရာကို အတည်ပြုပြောဆိုသည်။

နှစ် ၃ဝ ချခံထားရတော့ သူ့ကို လွတ်ငြိမ်းခွင့်ပေါ့နော်။ သက်ဆိုင်ရာ အစိုးရအဆက်ဆက်မှာ လွတ်ငြိမ်းခြင်း ၄ ပုံ ၁ ပုံစီ ကိုအေးဝင်းဟာ ၃ ကြိမ်ရထားတယ်။ ဆိုတော့ တစ်မှုမှာ ၂ နှစ်ခွဲစီ ကျန်ပါတယ်သူ့မှာကျခံဖို့ တစ်မှုမှာ ၂ နှစ်ခွဲစီကျန်တော့ စုစုပေါင်း ၇ နှစ်ခွဲပေါ့လေ။ အဲဒီ ၇ နှစ်ခွဲမှာ ကိုအေးဝင်းဟာ အဂု ၅ နှစ်ကျော် ထောင်မှာ ကျခံထားရပြီးပြီ။ အခုတော့ သူ့လွတ်ရက်စေ့လို့ လွတ်တာပါဟု ပြောသည်။

သူသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ (က)ဖြင့် ၁ဝ နှစ်၊ ၅၁ (က)ဖြင့် ၁ဝ နှစ်နှင့် ၅၂ (က)ဖြင့် ၁ဝ နှစ်၊ စုစုပေါင်း နှစ် ၃ဝ ကို ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်၊ ညနေတွင် စစ်တွေခရိုင်တရားရုံး၏ အမိန့်ချမှတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက်က စစ်တွေမြို့တွင် ဗုံး ၃ လုံးပေါက်ကွဲခဲ့ရာ ဦးအေးဝင်းကို တရားရုံးရှေ့၊ ဦးတင်မောင်ဆွေအိမ်ရှေ့နှင့် မြေစာရင်းရုံးအနီးတို့၌ ပေါက်ကွဲခဲ့သော အမှု ၃ ခုဖြင့် စွဲချတင်ခဲ့ပြီး နောက်ထပ်တစ်ဦးဖြစ်သည့် ဦးမောင်ဦးမြင့်ဆိုသူကို တရားရုံးရှေ့တွင် ဗုံးပေါက်ကွဲခဲ့သည့် အမှုဖြင့် စွဲချက်တင်ခဲ့သည်ဟု သိရသည်။

ယင်းနောက်တွင် ဦးမောင်ဦးမြင့်ကို တရားရုံးက ကွင်းလုံးကျွတ် လွှတ်ပေးခဲ့ပြီး ဦးအေးဝင်းမှာ ပြစ်မှုကျူးလွန်သည်ဟုဆိုကာ ထောင်ဒဏ် နှစ် ၃ဝ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ဦးအေးဝင်း၏မိတ်ဆွေ ဦးအောင်သန်းဝေက ကိုအေးဝင်းလွတ်လာတာကို မိတ်ဆွေ တစ်ယောက် အနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ ကိုအေးဝင်းကဲ့သို့ စွပ်စွဲခံရပြီး ပြစ်ဒဏ်ပေးခံရသူတွေကိုလည်း ကိုအေးဝင်းကဲ့သို့ လွတ်လာစေချင်ပါတယ်ဟု ပြောသည်။

၂ဝ၁၈ ခုနှစ်က စစ်တွေဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဦးအေးဝင်းတို့အပါအဝင် မြို့ပေါ်မှ သံသယရှိသူ ၉ ဦးကို စစ်တွေမြို့မရဲစခန်းက ဖမ်းဆီးစစ်ဆေးခဲ့သည်။

ယင်းအနက် ၄ ဦးကို မတ်လ ၂၆ ရက်၊ ညတွင်လည်းကောင်း၊ နောက် ၁ ဦးကို မတ်လ ၂၇ ရက်၊ နံနက်တွင်လည်းကောင်း အာမခံဖြင့် လွှတ်ပေးခဲ့ပြီး နောက်ထပ် ၂ ဦးကို စစ်တွေမြို့နယ်တရားရုံးက သြဂုတ်လ ၈ ရက်တွင် တရားမဝင် နယ်စပ် ဖြတ်ကျာ်မှုပုဒ်မ ၁၃ (၁) ဖြင့် ထောင်ဒဏ် ၆ လစီချမှတ်ခဲ့သည်။

ယခု လွတ်ရက်စေ့၍ လွတ်မြောက်လာသည့် ဦးအေးဝင်းသည် ပုဏ္ဏားကျွန်းဇာတိဖြစ်ပြီး အဖမ်းမခံရမီ စစ်တွေတွင် သံပန်းသံတံခါးလုပ်ငန်းကို လုပ်ကိုင်ခဲ့သူဟု သိရသည်။

လက်ရှိတွင် မိသားစုရှိရာ ပုဏ္ဏားကျွန်းသို့ သွားရောက်နေပြီး မကြာမီ စစ်တွေသို့ ပြန်လာရန် ရှိသည်ဟုလည်း သူ၏မိတ်ဆွေများက ပြောသည်။ (NN-16)

 

ဓာတ်ပုံ - ဦးအောင်သန်းဝေ

ဆက်စပ် သတင်းများ