တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ALP ပါတီမှ ၃ ဦးသေ၊ ၃ ဦးဒဏ်ရာရသည့် စစ်တွေပစ်ခတ်မှု ULA/AA လက်ချက်ဟု ALP စွပ်စွဲ၊ ယခုကိစ္စ လုံးဝပတ်သက်မှုမရှိဟု ULA/AA တုံ့ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)အဖွဲ့ကွဲမှ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သော သေနတ်ပစ်ခတ်မှုဖြစ်စဉ်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ရက္ခိုင့်တပ်တော် (ULA/AA)က ရည်ရွယ်ချက်ရှိရှိလုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ALP က ယနေ့တွင်စွပ်စွဲထုတ်ပြန်လိုက်သော်လည်း ယခုကိစ္စမှာ ၄င်းတို့နှင့် လုံးဝသက်ဆိုင်မှုမရှိဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုက တုံ့ပြန်ပြောဆိုသည်။

ALP မှ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ၃ ဦးအား ယမန်နေ့ ဇူလိုင် (၁) ရက်၊ မွန်းလွဲချိန် ၁၂:၁၅ မိနစ်အချိန်တွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိုခါမုန်တိုင်းကယ်ဆယ်ရေးကိစ္စများအတွက် ဥက္ကဋ္ဌရုံးမှ အစည်းအဝေးပြုလုပ်၍အပြန် စစ်တွေတက္ကသိုလ်ကျောင်းရှေ့တွင် (ULA/AA)မှရည်ရွယ်ချက်ရှိရှိ လုပ်ကြံချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ခြင်းကိုခံလိုက်ရသည်ဟု ALP ၏ ယနေ့ ဇူလိုင်လ ၂ ရက်၊ ညနေတွင်ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ရခိုင်ပြည်နယ်၊ ရခိုင်လူမျိုးများအကျိုးအတွက် လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းများအချင်းချင်း ကြားတွင် (ULA/AA)မှ စဉ်ဆက်မပြတ်ပြုမူခဲ့သော ဤသို့အပြုအမူမျိုးသည် အလွန်ယုတ်ညံ့သည့် မလုပ်သင့်မလုပ်အပ်သောအပြုအမူဖြစ်သည်ဟု ALP က ပြင်းထန်စွာရှုတ်ချသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ALP ၏ ယခုထုတ်ပြန်ချက်မှာ အခြေအမြစ်မရှိသော စွပ်စွဲချက်ဖြစ်ပြီး ULA/AA နှင့် လုံးဝပတ်သက်မှု မရှိကြောင်း ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာကို ပြောသည်။

"ဒါကတော့ လုံးဝအခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲဖြစ်တယ်။ ဒီကိစ္စက ကျနော်တို့ ULA/AA နဲ့ ပတ်သက်မှု လုံးဝ(လုံးဝ) မရှိပါ။ သူတို့ ALP ပါတီတွင်းက အကွဲအပြဲတွေ၊ တစ်ဘက်နဲ့တစ်ဘက် မကျေနပ်မှုတွေကြောင့် အခုလိုကိစ္စတွေဖြစ်လာတာလို့ သုံးသပ်ပါတယ်။ နောက်တစ်ခုကတော့ ALP အဖွဲ့ဝင်တွေဟာ စစ်တွေ‌မြို့ထဲမှာ ပြည်သူတွေကိုမတရားဖမ်းဆီးနှိပ်စက်အနိုင်ကျင့်မှုတွေ၊ ပြန်ပေးဆွဲငွေညှစ်မှု စတဲ့ရာဇဝတ်မှုတွေကို တောက်လျှောက်ကျူးလွန်နေတဲ့အတွက် စစ်တွေ ဒေသခံတွေကြားမှာလည်း မကျေနပ်မှုတွေအများကြီးရှိနေကြတယ်။ ဒါတွေကြောင့်လည်း တစ်ယောက်ယောက်က လက်တုံ့ပြန်တာမျိုးဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်"ဟု ဆိုသည်။  

ယမန်နေ့က ပစ်ခတ်မှုဖြစ်စဉ်အတွင်း ALP မှ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

အဆိုပါပစ်ခတ်မှုအတွင်း ခြေထောက်နှင့် ပေါင်တို့၌ သေနတ်ဒဏ်ရာများရရှိခဲ့၍ စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေရသည့် ALP တပ်ဖွဲ့ဝင် ၃ ဦးကိုလည်း စစ်ကောင်စီတပ်က ယမန်နေ့ ဇူလိုင်လ ၁ ရက်၊ ည ၁ဝ နာရီခွဲခန့်တွင် ကားဖြင့် ညတွင်းချင်း ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်၊ မွန်းတည့်ပိုင်းကလည်း ALP ပါတီမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနှင့် နောက်ထပ် တပ်မှူး ၂ ဦးတို့သည် စစ်တွေရှိ ဝေသာလီအားကစားကွင်း၌ စစ်ကောင်စီက ပြုလုပ်ခဲ့သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့တက်ပြီး အိမ်စီးကားတစ်စီးဖြင့် အပြန် စက်ရုံစု ရပ်ကွက်ရှိဆီဆိုင်တန်းအနီး၌ လက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းကိုခံခဲ့ရပြီး ၃ ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့ရသေးသည်။ (NN-7)

ဆက်စပ် သတင်းများ