တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

AA က အရာရှိလောင်း ၃ဝဝ ကျော်အသိအမှတ်ပြုအခမ်းအနားအား ရခိုင်တွင် ပထမဆုံးအကြိမ် ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရက္ခိုင့်တပ်တော်(AA)အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃)မှ လေ့ကျင့်ရေးသင်တန်းသူ၊သင်တန်းသား ၃ဝဝ ကျော်ကို အရာရှိလောင်းအဖြစ် အသိအမှတ်ပြုအခမ်းအနားအားရခိုင်တွင် ပထမဆုံးအကြိမ်ပြုလုပ်နိုင်ခဲ့သည်ဟု AA က ယနေ့တွင် သတင်းထုတ်ပြန်သည်။

အရာရှိလောင်းအဖြစ် အသိအမှတ်ပြုအခမ်းအနားကို  ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉) ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု AA ၏သတင်းထုတ်ပြန်ရေးဌာနက ယနေ့ ဇူလိုင်လ ၃ ရက်တွင်ထုတ်ပြန်သည့် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ရက္ခိုင့်တပ်တော်၊ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃)အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်မှစ၍ သင်တန်းသူ၊ သင်တန်းသား (၃၂၆)ဦးဖြင့် ရက္ခိုင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ယခုကဲ့သို့ အသိအမှတ်ပြုအခမ်းအနားကို  ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

အနာဂတ်ရက္ခိုင့်တပ်တော်ကို ဦးဆောင်နိုင်မည့် စစ်သည်တော်ကောင်းများ ပေါ်ထွက်လာရေး၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေး စသည့်ရည်မှန်းချက်များကို တပ်တော်တည်ထောင်ပြီးစကတည်းကပင် အစဉ်တစိုက် လုပ်ဆောင်လာခဲ့ပါသည်။ သို့သော်လည်း စစ်ရေး၊ နိုင်ငံရေး၊ ကပ်ရောဂါ အခြေအနေများကြောင့် မိမိတိုမျှော်မှန်းချက်ထားသော အနေအထားသို ပြည့်မီစွာ ရောက်ရှိနိုင်ခြင်း မရှိခဲ့သော်လည်း အရာရှိလောင်းများ ထွက်ပေါ်လာရေးကဏ္ဍကို အခွင့်ရလျှင်ရသလို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်ဟုလည်း ဖော်ပြထားသည်။

 

ရက္ခိုင့်တပ်တော် အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ ဖြစ်သော ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်တွင် သင်တန်းသူ၊ သင်တန်းသား (၁၃၈)ဦးဖြင့် ကချင်ပြည်တွင် စတင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

အရာရှိလောင်းလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁)နှင့် အမှတ်စဉ်(၂)တို့ကို မဟာမိတ် ကချင်ပြည်တွင် လေ့ကျင့်ပြုလုပ်နိုင်ခဲ့ပြီး အမှတ်စဉ် (၃)အား ရခိုင်ပြည်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်၊ အရာရှိဖြစ်သင်တန်းအမှတ်စဉ် (၄)ကိုလည်း ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားရန် လျာထားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ၊ ပြည်သားများအား အသိပေးသွားမည်ဟု AA က ထုတ်ပြန်ထားသည်။

 

တိုင်းပြည်တာဝန် ထမ်းဆောင်လိုကြသောသူများ၊ အနာဂတ် ရက္ခိုင့်တပ်တော်တွင် တာဝန်ယူ လိုကြသောသူများ လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာ စစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး တိုင်းပြည်တည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေးလုပ်ငန်းများတွင် ပါဝင်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။ (NN-16)

 

Photo – AA info Desk

ဆက်စပ် သတင်းများ