အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရာမောင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျနေ၍ မင်းပြားတွင် နေအိမ်များမျောပါသွားမည်ကို စိုးရိမ်နေရ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 774

(ကမ်းပါးပြိုကျမှုကြောင့် ဆိပ်ခံတံတားပြိုကျသွားကာ ဖောင်တော်မှာ မြစ်လယ်သို့ရောက်ရှိနေ)

နိရဥ္စရာ၊ သြဂုတ် ၁၈/ ၂၀၂၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ရာမောင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျနေ၍ လူနေအိမ်များ မျောပါသွားမည်ကို စိုးရိမ်နေကြရသည်ဟု မြို့ခံများက ပြောသည်။

မင်းပြားမြို့တွင် ပြီးခဲ့သည့်သြဂုတ်လပထမအပတ်က မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးခဲ့ပြီး တစ်ပတ်ခန့် အကြာ၌ မင်းဘာကြီးရပ်ကွက်ရှိ နူးနေသည့် မြစ်ကမ်းပါးမြေများမှာ ရာမောင်မြစ်ရေ တိုက်စားမှုကြောင့် ပြိုကျလာနေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်မှ ကိုအောင်စိုးဝင်းက "ကမ်းပါးတွေက ပြိုနေတယ်။ မြစ်ရေကတိုက်စားတော့ ကမ်းပါးတွေက စပြိုပြီ။ မနေ့ကဆို တဲတစ်ဆောင်တော့ ပါသွားတယ်" ဟု ပြောသည်။



ယခုကဲ့သို့ မြစ်ကမ်းပါးများပြိုကျနေသည့်အတွက် မြစ်ကမ်းအနီးအနားရှိ လူနေအိမ်များမှာ အန္တရာယ်နှင့် ကြုံတွေနေရပြီး ရွေ့ပြောင်းရန်လည်း အခက်အခဲ ဖြစ်နေသည်ဟု နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။

"ကမ်းပြိုတာက အိမ်အနီးကိုရောက်နေပြီ။ တချို့အိမ်ဆို မြစ်ထဲကျနေပြီလေ။ ရေစီးမကြမ်းလို့သာ မျောမပါတာ။ ရေစီးကြမ်းရင် မြစ်ထဲကျနေတဲ့ အိမ်တွေပါကုန်ပြီ။ သူတို့ရွေ့ပြောင်းဖို့ကလည်း ဘယ်နေရာကိုရွေ့ပြောင်းရမယ်မသိဘူး။ အန္တရာယ်ရှိနိုင်တယ်" ဟု ပြောသည်။

လက်ရှိတွင် ကမ်းပါးများပြိုကျမှုကြောင့် တဲတစ်ဆောင်သာမြစ်ထဲကျသွားပြီဖြစ်ပြီး ကမ်းပါးများထပ်ပြိုကျလာပါက နောက်ထပ် လူနေအိမ်များပါသွားနိုင်ခြေရှိသည်ဟု သိရသည်။

ယင်းအပြင် မင်းပြားမြို့၏ အရှေ့တောင်ဘက်၊ မင်းဘာကြီးရပ်ကွက်ရှိ ဖောင်တော်နှင့် ကမ်းဘက်သို့ယာယီဆောက်ထားသည့် ဆိပ်ခံတံတားမှာလည်း ကမ်းပြိုမှုကြောင့် ပျက်စီးသွားကြောင်း သိရသည်။

ကမ်းပါးပြိုကျမှုကြောင့် ဆိပ်ခံတံတားနှင့် ဖောင်တော်မှာ မြစ်ကမ်းပါးနှင့် ပေ ၇၀ ခန့်ကွာဝေးသည့်  မြစ်လယ်တွင်ရောက်ရှိနေပြီး ဆိပ်ခံတံတားပြိုကျသွားသဖြင့် ဖောင်တော်သာကျန်ခဲ့သည်ဟု မင်းပြားမြို့ခံ ကိုအောင်စိုးဝင်းက ဆက်ပြောသည်။

"ကမ်းကပြိုကျသွားတော့ ဆိပ်ခံတံတားလည်း မြစ်လယ်ထဲရောက်သွားပြီ။ အဲ့ဒီဆိပ်ခံတံတားက ကုန်သည်တွေမှာ ဝန်တင်၊ ကုန်တင်ဖို့လုပ်ထားတဲ့တံတားပါ။ အဲ့ဒီတံတားကပြိုပြီး ဖောင်တော်က အလွတ်ကျန်ခဲ့တာ" ဟု ပြောသည်။

မင်းပြားမြို့တွင် မင်းဘာကြီးရပ်ကွက်သာမက မင်းပြားချောင်းဝ၊ ပြည်တော်လှရပ်ကွက်၊ ပြည်တော်အေးရပ်ကွက်၊ ရွှေပြည်စိုးရပ်ကွက် စသည့်ရပ်ကွက်တို့တွင်လည်း ကမ်းပါးများပြိုကျနေသည်ဟု သိရသည်။

 

မင်းပြားမြို့တွင် နှစ်စဉ် မိုးရာသီ​ရောက်တိုင်း ကမ်းပါးပြိုကျပြီး လူနေအိမ်များမြစ်ထဲပါသွားမှု  ဖြစ်ပေါ်နေသော်လည်း ယနေ့အချိန်ထိ ၎င်းမြစ်ကမ်းပါး ပြိုကျမှုကို အစိုးရအနေဖြင့် ကာကွယ် တားဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ 

ဓာတ်ပုံ - ဦးစိုးမင်း

ဆက်စပ် သတင်းများ