တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

မာန်အောင်ကျွန်းအခြေစိုက် စစ်ကောင်စီရေတပ်စခန်းက ပင်လယ်ပြင်တွင် လက်နက်ကြီးများ ၂ ရက်ကြာ စမ်းသပ်ပစ်ခတ်လေ့ကျင့်မည်


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းပေါ်ရှိ စစ်ကောင်စီ၏ရေတပ်စခန်းက လက်နက်ကြီးများဖြင့် ပင်လယ်ပြင်အတွင်း ၂ ရက်ကြာ စမ်းသပ်ပစ်ခတ်လေ့ကျင့်သွားမည်ဟု သိရသည်။

အဆိုပါလက်နက်ကြီးများ ပစ်ခတ်လေ့ကျင့်ခြင်းကို မာန်အောင်ကျွန်းရေတပ်စခန်းအနီးတဝိုက်ရှိ ပင်လယ်ပြင်တွင် လာမည့် စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပြုလုပ်သွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီက ယနေ့ နေ့လယ်တွင် သတင်းထုတ်ပြန်ထားသည်။

ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း အသိပေးထားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း အဆိုပါရက်များအတွင်း မည်သည့်အချိန်တွင် ပစ်ခတ်လေ့ကျင့်သွားမည်ကို မာန်အောင်မြို့ခံများနှင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူများကို အသိပေးပြောကြားထားခြင်း တစ်စုံတစ်ရာမရှိသေးဟု မာန်အောင်မြို့ခံတစ်ဦးက ပြောသည်။

"ငါးဖမ်းသမားတွေကို အသိပေးထားတယ်လို့လည်း မကြားမိပါဘူး။ မာန်အောင်မြို့မှာက တစ်ခုခုဆိုရင် သတင်းအချက်လက်တွေက အလွယ်တကူနဲ့ သိနိုင်တယ်။ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတွေကို အသိပေးထားရင်တော့ ကျွန်တော်တို့လည်း ချက်ချင်းသိနိုင်ပါတယ်။ အခုက ဘာမှမကြားမိသေးဘူး" ဟုပြောသည်။

ယင်းအပြင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများကို အသိပေးမှုနောက်ကျပါက ပင်လယ်ပြင်အတွင်း ရောက်ရှိနေလျှင် အသက်အန္တရာယ် ထိခိုက်မှုများ ရှိနိုင်သည်ဟု မာန်အောင်မြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက ပြောသည်။

"နစ်နာမှုကတော့ တစ်နေ့စာ တစ်နေ့လုပ်ကိုင်စားသောက်နေတဲ့ ငါးဖမ်းသမားတွေကတော့ ပင်လယ်မထွက်ရတော့ဘူးလေ။ ပြီးတော့ ငါးဖမ်းသမားတွေကို အသိပေးတာတွေနောက်ကျလို့ ပင်လယ်ထဲရောက်နေမှ မထွက်ရ၊ မပြုရပြောလာလို့မရဘူး။ မတော်တဆသွားထိရင် မလွယ်ဘူးလေ။ ကျွန်တော်ထင်တာ အမြောက်တွေပစ်ခတ်မယ်လို့ထင်တယ်" ဟု ပြောသည်။

စစ်ကောင်စီ၏ မာန်အောင်ကျွန်းရေတပ်စခန်းသည် မာန်အောင်မြို့မှ ၁၀ မိုင်ခန့်အကွာ မျှော်တော်ဦးတွင် တည်ရှိပြီး ကမောင်တောင် အမြောက်စခန်းနှင့် မာန်အောင်မြို့မှာ ၂၃ မိုင်ခန့်ကွာဝေးသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီက စစ်တွေမြို့ အနောက်တောင်ဘက်ရှိ မေယုမီးပြအနီးပင်လယ်ပြင်တွင် ရေတပ်သင်္ဘောများဖြင့် မေယုပွိုင့်၏ အနောက်တောင် ၁၅ ဒဿမ ၅ မိုင်၊ ရေနံစင် အနောက်မြောက် ၁၈ မိုင်၊ OYSTER မီးပြတိုက်၏ အနောက်တောင် ၁၅ ဒဿမ ၅ မိုင်၊ ပင်မကုန်းမြေ၏ ၂၇ ဒဿမ ၅ မိုင်အကွာတွင် စစ်ကောင်စီက စစ်သင်္ဘောကြီးများဖြင့် စစ်ရေးလေ့ကျင့်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း စစ်ရေးလေ့ကျင့်မှုများ၊ လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုများကို ပြုလုပ်လာသည်မက စစ်အင်အားဖြည့်တင်းမှုများကိုလည်း ပြုလုပ်နေသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။ 

ဓာတ်ပုံ - CINCDS

ဆက်စပ် သတင်းများ