တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းအတွက် မြေသိမ်းဆည်းရေးနှင့် လျော်ကြေးပေးရေးဆွေးနွေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

(အဆိုပါ စီမံကိန်းများအတွက် မြေဧက ၄၂၈၉ ဒဿမ ၃၂ဧက လျာထားဟုဆို)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တရုတ်နိုင်ငံက အကောင်အထည်ဖော်တည်ဆောက်မည့် စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းအတွက် မြေများသိမ်းဆည်းရေးနှင့် လျော်ကြေးပေးရေးဆိုင်ရာကိစ္စများပတ်သက်ပြီး ဆွေးနွေးပွဲ တစ်ခုကို နိုဝင်ဘာ ၄ ရက်နေ့က ကျောက်ဖြူမြို့တွင်  ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်းလည်းဖြစ်၊ ရခိုင်အမျိုးသားပါတီ ANP ၏မူဝါဒရေးရာဦးဆောင်ကော်မတီလည်းဖြစ်သည့်  ဦးဘရှိန်က “ ရေနက်ဆိပ်ကမ်းစီမံကိန်းအမြန်တည်ဆောက်ဖို့အတွက် နစကက ပြောတာရှိတယ်။ ခုလည်း အစိုးရဘက်က ပြောနေဆိုနေတာတွေ ရှိနေတယ်။ ဒီဘက်မှာလည်း စီမံခန့်ခွဲရေး ကော်မတီ ဘက်ကနေ ဒီအလုပ်တွေကို မြန်မြန်ဆန်ဆန် လုပ်လို့ကိုင်လို့ ရအောင်ဆိုပြီးတော့ အစည်းအဝေးတွေ တွေ့ဆုံပွဲတွေလုပ်တယ်။ သူတို့ သတင်း ထုတ်ပြန်မှာပေါ့။  ပြည်သူတွေဆီက မြေတွေသိမ်းမယ် ဆိုလည်းသိမ်းမယ်။ လျော်ကြေးပေးရင်လည်း နည်းတယ်။  များတယ်ဆိုတာ ပြည်သူတွေကို အသိပေးရမှာပေါ့။ ဥပဒေရှိပါတယ်” ဟုပြောသည်။

နိုဝင်ဘာ ၄ ရက်နေ့က ပြုလုပ်ခဲသည့် အစည်းအဝေးကို စီမံခန့်ခွဲရေး ကော်မတီ (MC) ဥက္ကဋ္ဌ နှင့်  ဒုဥက္ကဋ္ဌ အပါအဝင်  ကျွမ်းကျင်သူများတက်ရောက်ခဲ့ကြပြီး  ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံအတွက် သိမ်းဆည်းမည့် မြေနေရာများအပါအဝင် သိမ်းဆည်းပါက ပိုင်ရှင်များသို့  လျော်ကြေး မည်သို့ မည်ပုံပေးဆောင်မည်စသည့် အကြောင်းအရာများကို  ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။



 

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းအား အကောင်အထည်ဖော်တည်ဆောက်ရန် တရုတ်အမျိုးသားပိုင်ကုမ္ပဏီ (CITIC) တင်ဒါအောင်မြင်ထားပြီး ကျောက်ဖြူမြို့နယ် ကျေးရွာအုပ်စု ၉ အုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၃၅ ရွာမှ  မြေဧက ၄၂၈၉ ဒသမ ၃၂ ဧကကို စီမံကိန်းအတွက် လျာထားသည်ဟု သိရသည်။

“ ဒီကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။  ကျောက်ဖြူမြို့ရဲ့  အရှေ့မြောက်ဘက် မဒေးကျွန်းဒေသမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။  တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ အနေနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ရန် စီစဥ်နေပါတယ်” ဟု ဦးဘရှိန်က နိရဥ္စရာကိုပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရန် လျာထားခဲ့သည့် မြေဧက ၄၂၈၉ ဒဿမ ၃၂ဧကထိရှိခဲ့ပြီး ယင်းအထဲမှ ဧက ၂၅၀ကို ကနဦးစီမံကိန်းလုပ်ရန် သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ယင်းမြေနေရာများကို စီးပွားရေးသမားများနှင့် ငွေကြေး တတ်နိုင်သူများက ဝယ်ယူမှုများရှိနေသည်ဟု ANP ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက နိရဥ္စရာကိုပြောသည်။

“မြေယာတွေကိုပိုက်ဆံရှိတဲ့ လူတွေကဝယ်ထားကြတယ်။ ဗမာပြည်ဘက်ကရော  ကျောက်ဖြူ ဘက်ကပါ ဝယ်ကြတယ်။ အမှန်ဆိုဝယ်ခွင့်မပြုရဘူး။ခုက အဲသလိုမဟုတ်ဘူး။ ဝယ်ခွင့်ပြုထားတယ်။ အများကြီး။ အဲ့တာတကယ်စီမံကိန်းဖြစ်လာတဲ့အခါ ဒီမြေယာတွေကို အရင်းနည်းနည်းနဲ့ ဝယ်ပြီး အမြတ်များများနဲ့‌ရာင်းဖို့လို့မြင်တယ်”ဟုပြောသည်။

လက်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အမြန်စတင်ရန် စစ်ကောင်စီက စီစဉ်နေပြီး အဆိုပါ စီမံကိန်းနှစ်ခုနှင့် ပတ်သက်ပြီး   ESIA Scoping Report အစီရင်ခံစာ တင်ပြခြင်းကိုလည်း ရန်ကုန်မြို့ ဘူတာကြီး စခန်းသာတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် လူနေအိမ်ရာစီမံကိန်း သုံးခုကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ယင်းအထဲမှ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ကနဦး အကောင်အထည်ဖော်မည်ဟု သိရသည်။



လွတ်လပ်သော သုတေသန အဖွဲ့တစ်ခုဖြစ်သည့်  မြန်မာ့မဟာဗျူဟာနှင့် မူဝါဒေ့လာရေး အင်စတီကျူ၏ အစီရင်ခံစာများအရ အမေရိကန် ဒေါ်လာ ၇ ဒဿမ ၃ ဘီလီယံကုန်ကျမည့် ၎င်းရေနက်ဆိပ်ကမ်း စီမံကိန်းကို မဒေးကျွန်းပေါ်က  မြေဧက ၃၇၀ နှင့် ရမ်းဗြဲကျွန်းကမြေဧက ၂၃၇ ဧကပေါ်တွင် အကောင်အထည် ဖော်မည်ဖြစ်သည်ဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်မှာလုပ်ခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးတွင်စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ရခိုင်ပြည်နယ်က ဒေသခံတွေအတွက်အကျိုးဖြစ်မည့်အပြင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုလည်း ဖြစ်လာမည်ဟု ဆိုကာ အမြန်အကောင်အထည်ဖော်ရန် ပြောကြားခဲ့ကြောင်းသိရသည်။

ယင်းအပြင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံး ထိခိုက်ပျက်စီးမှုများ ကြုံနေချိန်တွင် ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ရန်  စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီး ဒေါက်တာသီတာဦးကို တရုတ်သံအမတ်ကြီး ချိန်ဟိုင် Mr. Chen Hai က မေလ ၂၄ ရက်မှာ ပြောခဲ့ကြောင်းသိရသည်။

လက်ရှိတွင်ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းအတွက် သိမ်းဆည်းမြေဧကနှင့် လျော်ကြေးပေးမည့် ငွေပမာဏကို သက်ဆိုင်ရာမှ ထုတ်ပြန်ချက်များ ထုတ်ပြန်သည့်အခါမှသာ သိရှိနိုင်မည်ဟု ဦးဘရှိန်ကပြောဆိုသွားသည်။(NN-11)/Photo: U Ba Shein

ဆက်စပ် သတင်းများ