တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီလက်ထဲမှ AA က ကယ်ထုတ်လာသည့် ပေါက်တောမြို့ခံ ၁၀၀ နီးပါးအတွက် စားသောက်ရေးအကူအညီများ အရေးပေါ် လိုအပ်နေ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၂၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

စစ်ကောင်စီလက်ထဲမှ ရက္ခိုင့်တပ်တော်(AA)က ကယ်ထုတ်လာသည့် ပေါက်တောမြို့ခံ ပြည်သူလူထုများ၊ ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၀ နီးပါးအတွက် အရေးပေါ် စားရေးသောက်ရေး အကူအညီများ လိုအပ်နေကြောင်း ကူညီရေးလုပ်ငန်း လုပ်ဆောင်နေသူများက ပြောသည်။

လက်ရှိတွင် အဆိုပါပေါက်တောဒေသခံများသည် လုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး စားနပ်ရိက္ခာ အကူအညီများလိုအပ်နေသည်ဟု မြေပြင်တွင်ကူညီရေး လုပ်ပေးနေသည့် ရက္ခိုင်ပြည်အရေးပေါ်ကူညီကယ်ဆယ်ရီး ပူးပေါင်းအဖွဲ့(ARE)မှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

"မြေပြင်အနေအထားအရ စားနပ်ရိက္ခာက အဓိကလိုအပ်တယ်။ အမိုးအကာလည်း အတိုင်းအတာ တစ်ခုအထိ လိုအပ်တယ်။ မိုးမရွာပေမယ့် နေတာထိုင်တာကြာလာရင် အခက်အခဲတွေဖြစ်လာမယ်။ ကျန်းမာရေးအားနည်းချက်တွေ ဖြစ်လာမယ်။ အရေးတကြီးဦးစားပေးအနေနဲ့တော့ စားနပ်ရိက္ခာလိုပါတယ်။ ဒုတိယကတော့ အမိုးအကာပေါ့။ ကလေးတွေအတွက်လည်း လိုအပ်တာတွေအများကြီးရှိတယ်။ ရနိုင်မယ်ဆိုရင် ပိုကောင်းပါမယ်" ဟု ပြောသည်။

စစ်ကောင်စီသည် နိုဝင်ဘာလ ၁၆ ရက်မှစတင်၍ ပေါက်တောမြို့မှ ရဟန်းသံဃာများအပါအဝင် ဒေသခံ ၂၀၀ ခန့်ကို လူသားဒိုင်းကာအဖြစ် အသုံးပြုရန် ပြန်ပေးဆွဲထားခဲ့သည်။

ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်၊ နေ့လယ်ပိုင်းတွင်မူ ပေါက်တောမြို့ လောကထိပ်ပန်ဘုရားတွင် ထိန်းသိမ်းထားသည့် ပေါက်တောဒေသခံ ၁၀၀ နီးပါးကို AA တပ်ဖွဲ့ဝင်များက အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်သည် ပေါက်တောမြို့ထဲတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက်ချေမှုန်းလျက်ရှိပြီး ကျန်ရှိနေသေးသည့် ဓားစာခံများ အန္တရာယ်ကင်းစွာ လွတ်မြောက်ရေး အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ယမန်နေ့က AA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

AA က ကယ်ထုတ်လာသည့် ပေါက်တောဒေသခံများနှင့် ရခိုင်ပြည်အနှံ့က စစ်ဘေးရှောင်နေကြသည့် ဒေသခံ လေးသောင်းကျော်အတွက် စားနပ်ရိက္ခာအကူအညီများ အဓိကလိုအပ်နေပြီး ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ပင်ထားသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများနှင့်လည်း ကြုံတွေ့နေရသည်ဟု ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသူများက ပြောသည်။

ထို့အပြင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒေသခံ သောင်းနှင့်ချီအတွက် ကူညီကယ်ဆယ်ရေးပေးနိုင်မည့် လမ်းကြောင်းများ ရှာဖွေကာ ကူညီပေးကြရန်လိုအပ်သည်ဟု ARE မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

"လက်ရှိအရေအတွက်က လေးသောင်းကျော်အထိရှိလာပြီဆိုတော့ လိုအပ်ချက်တွေကလည်း ကြီးမားလာပြီ။ ပထမဆုံးအနေနဲ့ စားနပ်ရိက္ခာပေါ့။ ဒုတိယအနေနဲ့ကတော့အမိုးအကာတွေ အတတ်နိုင်ဆုံး လုပ်ပေးချင်တဲ့ဆန္ဒတော့ရှိတယ်။ ကျန်အဖွဲ့တွေအနေနဲ့လည်း ဒီလိုမျိုးလုပ်ပေးစေချင်တယ်" ဟု ပြောသည်။

AA နှင့် စစ်ကောင်စီတပ်တို့၏ နိုဝင်ဘာ ၁၃ ရက်ကပင် ပြန်လည်စတင်လာသည့် တိုက်ပွဲများနှင့် ပြည်သူများနေထိုင်ရာအရပ်ဒေသများသို့ စစ်ကောင်စီ၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် ၄၆၂၈၆ ဦးအထိရှိပြီး ပေါက်တောနှင့် မင်းပြားမြို့နယ်တို့မှ အများဆုံးဖြစ်သည်ဟု အေအေပြောခွင့်ရ ဦးခိုင်သုခက နိရဥ္စရာကို ယမန်နေ့ကပြောဆိုထားသည်။

ထွက်ပြေးနေရသူများထဲတွင် အမျိုးသမီးအများစုလည်း ပါဝင်နေပြီး အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများလည်း လိုအပ်နေသည်ဟု တိမ်းရှောင်နေရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

"အသက်ဘေးကိုကြောက်လို့ အလျင်လိုပြီး ပြေးလာကြရတော့ လစဉ်သုံးမပြောနဲ့။ အဝတ်အထည်တွေ မတောင် မပါလာကြဘူး။ အမျိုးသမီးတွေ ကျန်းမာရေးအတွက် လစဉ်သုံးပစ္စည်းတွေ ကူညီပေးဖို့လိုပါတယ်။ ဘယ်အချိန်ထိ တိမ်းရှောင်နေကြရမယ်ဆိုတာလည်း မသိဘူး။ လစဉ်သုံးပစ္စည်းတွေက အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးပေါ်ပစ္စည်း တစ်ခုလည်းဖြစ်တယ်" ဟုပြောသည်။

ရခိုင်တွင်ပြန်လည်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊​ မောင်တောနှင့် ရမ်းဗြဲဒေသခံများသည် အိုးအိမ်စွန့်ခွာထွက်ပြေးလျက်ရှိကြသည်။ (NN-8)

ဓာတ်ပုံ - AA Info Desk

ဆက်စပ် သတင်းများ