စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

AA အနေဖြင့် စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်းအကောင်အထည် ဖော်လျက်ရှိဟုဆို


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.6k

(စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များကိုလည်း  ပြည်သူ့ရင်ခွင်ထဲသို့ အမြန်ဆုံးခိုလှုံကြရန် ညီနောင် (၃)ဖွဲ့  ထပ်မံတိုက်တွန်း)

ရက္ခိုင့်တပ်တော် (AA) သည် ၎င်းတို့အဖွဲ့အစည်းမှ သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ (၃၀) ရက်နေ့၊ ည  ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် ထုတ်ပြန်သည့် ညီနောင်သုံးဖွဲ့၏  “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၅) ရက်မြောက်နေ့ တိုက်ပွဲသတင်းများဖော်ပြရာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။ 

၎င်းပြင် စစ်ကောင်စီလက်အောက်ရှိ တပ်ဖွဲ့ဝင်များအနေဖြင့်လည်း နှစ်မကုန်မီ ပြည်သူ့ရင်ခွင်ထဲ အမြန်ဆုံး ခိုလှုံကြရန်လည်း ညီနောင် ၃ ဖွဲ့က ထပ်မံတိုက်တွန်းလိုက်သည်။

ထိုသို့ တိုက်တွန်းရာတွင် “ အချိန်တိုအတွင်း မထင်မှတ်ထားသည့်အရှုံးရလဒ်အား ထိပ်တိုက် ရင်ဆိုင်လာရသည့် စစ်ကောင်စီသည် အရှုံးကို ဗြောင်လက်ခံနိုင်စွမ်းမရှိသကဲ့သို့ စစ်မြေပြင်တွင်လည်း စစ်ကူများ အချိန်မီထောက်ပံ့ပေးနိုင်ခြင်း မရှိတော့သည်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တိုင်း အားလုံးအသိပင် ဖြစ်ကြောင်း၊    စစ်ကောင်စီ၏ ကိုယ်ကျိုးစီးပွားနှင့် အာဏာတည်မြဲစေရန် အသက်ပေးတိုက်ခိုက်နေရသည့် အခြေအနေမျိုးမှ စွန့်ခွာ၍ အမှန်တရားကို သိမြင်လာပြီး နောင်တမရကြစေရန်နှင့် ပြည်သူ့ရင်ခွင်ထဲသို့ အမြန်ဆုံးခိုလှုံကြရန်ကိုလည်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များအား မိမိတို့ညီနောင် (၃) ဖွဲ့အနေဖြင့် နှစ်မကုန်မီ ထပ်မံတိုက်တွန်းလိုက်ပါသည်” ဟု ပါရှိသည်။

၎င်းပြင် ယခုရက်သတ္တတစ်ပတ်အတွင်း ညီနောင်သုံးဖွဲ့သည် ၎င်းတို့၏  ရည်မှန်းထားသော စစ်ဆင်ရေး ပစ်မှတ်များ၊ ပြည်သူလူထုအား ဒုက္ခပေးနေသော ရန်သူ၏ လက်နက်ကြီးစခန်းကုန်းများ၊ ဗျူဟာစခန်းကုန်းများနှင့် သိမ်းပိုက်ရန် တစ်ဝက်တစ်ပျက် ကျန်ရှိနေသေးသော ရန်သူ့စခန်းကုန်းများကို မရပ်မနား တရစပ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဆိုသည်။

ထို့အတူ ညီနောင်သုံးဖွဲ့ ၏စစ်ဆင်ရေးကို အနှောင့်အယှက်ပေးပြီး စစ်ရေးအရ မဖြစ်မနေလုံးဝအရယူရမည့် စခန်းများကို အပြည့်အဝ အလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့ပြီးနောက် ၎င်းစခန်းများရှိရာ မြို့တချို့တို့သည်လည်း မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့လက်အောက်သို့ ကျရောက်ခဲ့ပြီးဖြစ်သည်။

ကိုးကန့်ဒေသအတွင်းတွင် ဒကစ (လောက်ကိုင်) မှလွဲ၍ ရန်သူ့စခန်းများမှာ များများစားစား မရှိတော့ပြီဖြစ်သကဲ့သို့ တအာင်းအဖွဲ့အစည်းအနေဖြင့်လည်း ၎င်းတို့၏ စစ်ရေးရည်မှန်းချက်နှင့်အတူ တအာင်းပြည်နယ်ရည်မှန်းချက်ကို တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော်လျက်ရှိသည်။

ဤသည်မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် ၁၀၂၇ စစ်ဆင်ရေး၏ အနှစ်သာရနှင့် အဓိက စစ်ရေးရည်မှန်းချက်များပင် ဖြစ်ကြောင်း၊  မိမိတို့အနေဖြင့် မိမိတို့သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို အပြည့်အဝရယူရင်း မြန်မာပြည်သူ လူထုတစ်ရပ်လုံး၏ လိုလားနေသောဆန္ဒကိုလည်း တပါတည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်သည်။

မြန်မာနိုင်ငံ၏ စစ်အာဏာရှင်ဖြုတ်ချရေးသမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မမျှော်မှန်းဖူးသော စစ်တပ်ပစ်မှတ်များကို တစ်ခုပြီးတစ်ခု အလဲထိုးသိမ်းပိုက်ရယူနိုင်ခဲ့သော်လည်း ရန်သူကိုလျှော့ မတွက်ကြစေရန်နှင့် ရန်သူ၏ ခေတ်အဆက်ဆက် သွေးခွဲမှု၊ မက်လုံး၊ အာဏာများဖြင့် မြူဆွယ်ခြင်းများကို သတိထားကြရန် အထူးလိုအပ်သည်ကို တော်လှန်ရေးထဲမှ ဖြတ်သန်းခဲ့ကြသော အတွေ့အကြုံ၊ သင်ခန်းစာများကို ကိုးကားပြီး အထူးသတိထားကြရန် တော်လှန်ရေးစေတနာဖြင့် အသိပေးလိုက်ပါသည်။

သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များအား ဆက်လက်ချေမှုန်းသိမ်းပိုက်ရယူနိုင်ရေးအတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ပုံမှန် ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း၊  ယနေ့တွင်လည်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများမှာ ယခင် ရက်များနည်းတူ ဆက်လက်ပြင်းထန်နေခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် ရန်သူသည်လည်း စစ်ရေးရှုံးနိမ့်မှုများကို အငြိုးအတေးဖြင့် အပြစ်မဲ့ အရပ်သားများနှင့် လူနေအိမ်များရှိရာကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ