စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ကိုးကန့် MNDAA ကို စစ်တပ်အောက်နေခိုင်းရာမှ တတိယအကြိမ်ကူမင်းဆွေးနွေးပွဲပျက်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ တတိယအကြိမ် ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်က ရှမ်းပြည်အထူးဒေသ (၁) ထူထောင်ခွင့်ပေးမည်ဖြစ်သော်လည်း ကိုးကန့်တပ် MNDAA ကို စစ်ကောင်စီအောက်နေခိုင်းသည့်အတွက် ဆွေးနွေးပွဲပျက်သွားရကြောင်း သိရသည်။

တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့၏ တတိယ အကြိမ် တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီလ ၇ ရက်မှ ၉ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲအတွင်း စစ်ကောင်စီက MNDAA ကို ရှမ်းပြည်အထူးဒေသ (၁) ထူထောင်ခွင့် ပေးမည်ဖြစ်သော်လည်း လက်နက်ချရမည်ဟု ကန့်သတ်ချက်ဖြင့် တောင်းဆိုသောကြောင့် ဆွေးနွေးပွဲမှာတင်းမာမှုနှင့် ပျက်သွားရကြောင်း စစ်တပ်အသိုင်းအဝိုင်းတစ်ဦးကို ကိုးကား၍ Shan News က သတင်းဖော်ပြသည်။

" အခုကျွန်တော်တို့ကြားရတာကတော့ ဆွေးနွေးမှုက ပျက်သွားပြီ။ စစ်ကောင်စီက ရှမ်းပြည်ဒေအထူး(၁) ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ကိုးကန့်တပ်ဖွဲ့တွေကို လက်နက်ချခိုင်းတာ။ ပြီးတော့စစ်တပ်အောက်မှာပဲ နေခိုင်းတာ။ အဲကြောင့်ဆွေးနွေးမှုက ပျက်သွားတာ။ ဒါကိုလည်း MNDAA အနေနဲ့တင်းမာနေတယ်" ဟု ဖော်ပြသည်။

စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ ပထမဆုံးတွေ့ဆုံဆွေးနွေးခဲ့ပြီး ယာယီအပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီခဲ့ကြောင်း သိရသည်။ ယင်းနောက် ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ရှမ်းမြောက်စစ်ပွဲအရှိန်လျော့ချရေးနှင့် လူသားချင်းစာနာထောက်ထားမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

လက်ရှိတတိယအကြိမ်ဆွေးနွေးရာတွင်မူ စစ်ကောင်စီဘက်က ကိုးကန့်တပ် MNDAA ကိုလက်နက်ချရန်နှင့် ၄င်းလက်အောက်တွင် နေရန်တောင်းဆိုလာသောကြောင့် ဆွေးနွေးပွဲပျက်သွားရခြင်း ဖြစ်ကြောင်း သိရသည်။

တတိယအကြိမ်ဆွေးနွေးပွဲပျက်ပြယ်သွားမှုနှင့်အတူ ရှမ်းမြောက်၊ လားရှိုးမြို့အနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်နေပြီး လားရှို့မြို့တွင်း တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများကစိုးရိမ်နေကြောင်း Shan News ကဖော်ပြသည်။

ဇန်နဝါရီလ ၄ ရက်နေ့က ကိုးကန့်ဒေသတွင် နောက်ဆုံးကျန်ရှိနေသည့် လောက်ကိုင်ရှိ စစ်ကောင်စီ ၏ အင်အားအကြီးဆုံး ဒေသကွပ်ကွဲမှုစစ်ဌာန ချုပ် (ဒကစ) တစ်ခုလုံး MNDAA ထံ လက်နက်ချ အလင်းဝင်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်ကုန်ဆုံး၍ ၂၀၂၄ ခုနှစ်၏ နှစ်သစ်ကူးခေါင်းလောင်းမြည်လာသည်နှင့်အမျှ ခေတ်သစ်တစ်ခုကို ရောက်ရှိလာတော့မည်ဖြစ်ပြီး MNDAA အနေဖြင့် ရှမ်းပြည်အထူးဒေသ(၁)ကို အခြေခံဥပဒေဖြင့်အညီ ပြည်သူလူထုအတွက်ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့်အထူးဒေသအဖြစ် တည်ဆောက်ပေးမည်ဟု MNDAA စစ်ဦးစီးချုပ် ဦးဖုန်တဲရင်က ဇန်နဝါရီလ ၂ ရက်တွင်ပြောဆိုသည်။(NN-23)

ဓာတ်ပုံ- SHAN

 

ဆက်စပ် သတင်းများ