သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရမ်းဗြဲကျွန်းပေါ်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသော်လည်း တရုတ်ရေနံတင်သင်္ဘောများ ပုံမှန် အဝင်အထွက်ရှိနေဆဲ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၉ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3k

တရုတ်စီမံကိန်းများရှိရာ ရမ်းဗြဲကျွန်းပေါ်တွင် တိုက်ပွဲဖြစ်ပွားနေသော်လည်း တရုတ်ရေနံတင် သင်္ဘောကြီးများမှာ မဒေးကျွန်းဆိပ်ကမ်းသို့ ပုံမှန်အဝင်အထွက်ရှိနေကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

တရုတ်စီမံကိန်းများလေ့လာစောင့်ကြည့်သူ ကျောက်ဖြူမြို့နယ် ဒေသခံလူငယ်တစ်ဦးက  " ရေနံတင် သင်္ဘောတွေကတော့ အခုလည်းပုံမှန်အဝင်အထွက်လုပ်နေတာပဲ။ ကျောက်ဖြူမြို့နယ်မှ တိုက်ပွဲတွေ ဖြစ်ပြီး စစ်ရေးတွေလည်းတင်းမာနေတယ်။ ဒါပေမယ့်ရေနံတင် သင်္ဘောတွေက အဝင်အထွက် မပြတ်ပါဘူး" ဟု သူကပြောသည်။

တရုတ်စီမံကိန်းကြီးများတည်ရှိရာ ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နှင့် ကျောက်ဖြူမြို့ အနီးဝန်းကျင်တွင် ရက္ခိုင့်တပ်တော်( AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်များ၊ စစ်ရေယာဉ်များအသုံးပြုကာ ပစ်ခတ် နေ့စဉ်နေ့တိုင်း ပြန်လည်တိုက်ခိုက်နေသည်ဟု သိရသည်။

တရုတ်စီမံကိန်းတည်ရှိရာ မဒေးကျွန်းနှင့် (၁၀) မိုင်ခန့်သာဝေးသည့် ကျောက်ဖြူမြို့ အနီးဝန်ကျင်တွင်လည်း နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်နေသည်။

အထူးသဖြင့်  ဂုံးချွိန်အုပ်စု၊ ငှက်ပျောချောင်း ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်အထိတိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရမှုအများအပြားရှိခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေသော်လည်း  ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်အတွင်းမှာပင် ရေနံတင် သင်္ဘောကြီးတစင်း မဒေးကျွန်းဆိပ်ကမ်းသို့ဝင်ရောက်လာပြီး ဖေဖော်ဝါရီလပထမပတ်တွင်လည်း သင်္ဘောတစ်စင်း ဝင်ရောက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

" ပြီးခဲ့သုံးလေးရက်ကပေါ့။ တိုက်ပွဲဖြစ်နေတဲ့ ဖေဖော်ဝါရီ ၁၄ ရက်၊ ၁၅ ရက်မှာ တစ်စီး ဝင်ခဲ့သေးတယ်။ ပြီးတော့ ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်တခုခုဖြစ်မယ်။တစ်စင်းဝင်လာတယ်။ ဒီလမှာနှစ်စင်းရှိပြီဝင်တာ" ဟု ကျောက်ဖြူဒေသခံလူငယ်က ပြောသည်။

၎င်းပြင် ဖေဖော်ရီလ ၁၇ ရက် မွန်းလွဲ ၁၂ ကျောက်ဖြူမြို့ပေါ်တပ်ရင်းများနှင့် မြို့နယ်ရှိ စစ်ကောင်စီ မိသားစုဝင်များကို ဓညဝတီရေတပ်ဌာနချုပ်မှ AP-01 စစ်သည်တင်သင်္ဘောဖြင့်အပြည့် တင်ဆောင်ကာ သံတွဲ (သို့မဟုတ်) ရန်ကုန်ဘက်သို့ရွှေ့ပြောင်းသွားခဲ့သည်။

လက်ရှိတွင် မဒေကျွန်းဆိပ်ကမ်းသို့ ရေနံတင်ချဆိပ်ကမ်းအား တန်ချိန် (၃၀၀,၀၀၀) ဆံ့ရေနံတင် သင်္ဘောများ ဝင်ရောက်ဆိုက်ကပ်နေပြီး ၎င်းဆိပ်ကမ်းကို  အကောက်ခွန်ဦးစီးဌာနက ၂၀၁၅ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်တွင် ရေနံတင်ဆိပ်ကမ်းအဖြစ် သတ်မှတ်ခဲ့သည်။

တရုတ်နိုင်ငံအတွင်းသုံးစွဲရန် အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာနှင့် အာဖရိကတိုက်မှ ရေနံစိမ်းများကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်ရှိ ရေနံစိမ်း သိုလှောင်ကန်များသို့ သင်္ဘောကြီးများဖြင့် ပို့ဆောင်ပြီး ယင်းမှ တစ်ဆင့် မြေအောက် ပိုက်လိုင်းဖြင့် မြန်မာပြည် အလယ်ပိုင်းကို ဖြတ်ကာ တရုတ်ပြည် ယူနန် ပြည်နယ်သို့ ပို့ဆောင်သည်။

၎င်းစီမံကိန်းကို  ၂၀၁၆ ခုနှစ်မှစပြီး တင်ပို့ ခြင်းလုပ်ငန်း ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။ ရေနံတင် သင်္ဘောများစတင်ဆိုက်ကပ်သည့် အချိန်ကပင် မဒေးကျွန်း၊ သံဇစ်မြစ်ကို အမှီပြု၍ အသက် မွေးဝမ်းကျောင်းသည့် ဒေသခံရေလုပ်သားအများအပြားမှာ ငါးရှာဖွေဖမ်းဆီးမည့် လုပ်ကွက်များ ဆုံးရှုံးသွားပြီး ဒေသခံများက နိရဥ္စရာသို့ပြောဆိုကြသည်။(NN-23)

ဆက်စပ် သတင်းများ