စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ခွင့်မဲ့ပျက်ကွက်သူများလာ၍ ရခိုင်မှ အစိုးရဝန်ထမ်းများကို ဌာနဆိုင်ရာ ထောက်ခံစာပါမှ ခရီးသွားလာခွင့်ပြုတော့မည်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 5.1k

စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ခွင့်မဲ့ပျက်ကွက်မှု များလာသဖြင့် ရခိုင်မှ ဝန်ထမ်းများကို ဌာနဆိုင်ရာ ခရီးသွားလာခွင့် ထောက်ခံစာပါမှ ခရီးဝေး သွားလာခွင့် ပြုတော့မည်ဟု သတင်းရရှိသည်။

ဝန်ထမ်းတစ်ဦးက  “ ဝန်ထမ်းတွေကို ခရီးတွေ ဘာတွေ သွားမယ်ဆိုရင် ဝန်ထမ်း ခရီးသွား လက်မှတ်ပါမှ သွားခွင့်ပြုမယ်တဲ့။ ရန်ကုန်သွားမယ့် လေယာဥ်လက်မှတ်တောင် ခရီးသွားလာခွင့် လက်မှတ်မပါလို့ ဆုံးရှုံးသွားတယ်။ အခုနောက်ပိုင်း အစိုးရဝန်ထမ်းတွေကို ဖမ်းတာတွေ တင်းကျပ်တာတွေ ရှိလာတယ်။ ခွင့်မဲ့ ပျက်ကွက်တွေနဲ့ သွားတာတွေရှိလာလို့ ဒီလို အမိန့်ထုတ်တာကို လုပ်လိုက်တာ“ ဟုနိရဉ္စရာ သတင်းဌာနကိုပြောသည်။

ရခိုင်တွင် လက်ရှိဖြစ်နေသော တိုက်ပွဲများကြောင့် စစ်တွေမြို့ပေါ်ရှိ အစိုးရဝန်ထမ်းများသည်လည်း လုံခြုံရေး စိုးရိမ်ရရဘာမှ အလုပ်ကို စွန့်ခွာကာ သွားနေကြသူများ ရှိသလို ခွင့်မဲ့ပျက်ကွက်သူလည်း များပြားနေသည်ဟု သိရသည်။

“ အခုက ရခိုင်မှာ အစိုးရ အုပ်ချုပ်ရေး ယန္တရားက ပျက်သွားပြီ။ စစ်တွေမှာလည်း တိုက်ပွဲက နေ့ဖြစ်လား၊ ညဖြစ်လား။ ဒီလို အခြေအနေမျိုးဖြစ်နေတော့ ဝန်ထမ်းတွေလည်း လုံခြုံရာကို သွားကြရတာပါဘဲ။ အသက်ထက် ဘာမှ အရေးမကြီးဘူးလေ။ တချို့ ဝန်ထမ်းတွေက ခွင့်မဲ့ပျက်ကွက်ပေါ့။ တချို့တွေလည်း ဒီအတိုင်းထွက်သွားကြတာပါဘဲ။ နယ်မြို့တွေအချို့က အေအေလက်ထဲရောက်သွားပြီဆိုတော့ အဲဒီမှာတော့ အစိုးရ အုပ်ချုပ်ရေး လုံး၀ မရှိတော့ဘူး” ဟု ပြောဆိုသည်။

ယင်းအပြင် ရက္ခိုင့်တပ်တော်သိမ်းပိုက်ရရှိထားသည့်  ကျောက်တော်၊မြောက်ဦး၊ ပေါက်တော၊ပုဏ္ဏားကျွန်းမြို့၊  မင်းပြား၊ မြောက်ဦး စသည့် မြို့နယ်များမှ ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း စစ်တွေမြို့တွင် လာရောက် နေထိုင်မှသာ လစာပေးမည်ဟု ပညာရေးဝန်ထမ်းတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“ လွတ်မြောက်နယ်မြေတွေမှာ ရှိတဲ့အစိုးရ ဝန်ထမ်းတွေကို လစာထုတ်ရင်မပေးဘူး။ စစ်တွေမှာနေမှ ပေးမယ်တဲ့။ သွားလာစရိတ်နဲ့တောင် အဲ့ဒီလစာကမလောက်ဘူး” ဟုပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကစစ်တွေမြို့တွင် လစာလာထုတ်သည့် ကျောက်တော် မြို့နယ်နှင့်မြောက်ဦးမြို့နယ်မှ ပညာရေးမှုးအပါအဝင် စနစ်သစ် ၁၂ တန်း စာမေးပွဲအတွက် အခန်းစောင့်လာကြသော ဆရာဆရာမ အယောက် ၂၀ ကိုလည်း စစ်တွေ အမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းမြို့ခံများကပြောသည်။

၄င်းတို့ကို ဖမ်းဆီးထားခြင်းမှာ ညမထွက်ရ အမိန့်ထုတ်ထားသည့် အချိန်တွင် လာရောက်သည့် အကြောင်းပြချက်ဖြင့်ဖမ်းဆီးထားသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ အမှန်ဆိုလုံးဝ မဖမ်းသင့်ပါ။မနေ့က အစည်းအဝေးလုပ်ကြတယ်တဲ့။အဲ့ဒီမှာ ပညာရေးဌာနက ပြောတယ် လွတ်ပေးသင့်တယ်လို့ပြောတာကို။ အဲ့ဒီအထက်အရာရှိတွေက နေ့လယ်မလာ ညဖက်လာတဲ့ အတွက် ညမထွက်ရအမိန့်နဲ့ ငြိတယ်ပြောတယ်“ ဟုပြောသည်။

စစ်တွေမြို့တွင် စနစ်သစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ အလွန်နည်းပါးပြီး စစ်ကောင်စီမှ မြို့နယ်များမှ လူငယ်များကိုဖမ်းဆီးမှုရှိသည့်အတွက် နယ်မှစာမေးပွဲဝင်ရောက်ဖြေဆိုသူ မရှိသလောက် နည်းပါးသည်ဟု မြို့ခံများကပြောသည်။(NN-11)

ဆက်စပ် သတင်းများ