စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်ကောင်စီက ရခိုင်လူမျိုးများအပေါ် လူမျိုးရေးအရ သွေးခွဲဖိနှိပ်မှုများနှင့်ပတ်သက်၍ "ရခိုင်တွေကို ပြည်ထောင်စုထဲမှာ လုံး၀မလိုလားတော့ဘူးလား"ဟု ဦးခိုင်သုခမေးခွန်းထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 9.9k

(ယခုဖိနှိပ်မှုများသည် မြန်မာပြည်သူများ၏ သဘောဆန္ဒမဟုတ်ဘဲ စစ်ကောင်စီ၏ လုပ်ရပ်သာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ပြောဆို)

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ မတ်လ ၂၂/၂၀၂၄

ရခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီက စစ်ကို စစ်နှင့် တူအောင်မတိုက်ဘဲ ရခိုင်အရပ်သားများ အပေါ် ပစ်မှတ်ထားပြီး လူမျိုးရေးအရ ခွဲခြား ဖိနှိပ်လာမှုများနှင့် ပတ်သက်ပြီး "ရခိုင်တွေကို ပြည်ထောင်စုထဲမှာ လုံး၀ မလိုလားတော့ဘူးလား"ဟု ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခက မေးခွန်းထုတ်လိုက်သည်။

" အခု ရခိုင်တွေကို ခရီးသွားလာခွင့်တွေ ရုတ်သိမ်းတယ်။ ခရီးသွားရင် ဖမ်းတယ်။ နှိပ်စက်တယ်။ သူတို့တွေဟာ ရခိုင်လူမျိုးဆိုပေမယ့် လက်ရှိအချိန်ထိ မြန်မာနိုင်ငံသားတွေဖြစ်တယ်။ တည်ဆဲ ဥပဒေတွေ အရ နိုင်ငံသားတစ်ဦးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိခံစားပိုင်ခွင့်ရှိတယ်။ ဒါတွေကို ချိုးဖောက်ပြီး စစ်ကောင်စီက ဥပဒေမဲ့ လုပ်နေတဲ့အတွက် “ ရခိုင်တွေကို လက်ရှိ ရှိနေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအဝိုင်းအဝန်းထဲမှာ မလိုအပ်တော့ဘူးလားဆိုတဲ့ မေးခွန်းကို ကျနော်တို့ မေးရမယ့် အချိန်ကို ရောက်ရှိလာပြီဖြစ်ပါတယ်"ဟု  ၎င်းက ပြောကြားသည်။

ရခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီက ရခိုင် နှင့် မွတ်ဆလင်အကြား ပဋိပက္ခများ ဖန်တီးကာ ရန်တိုက်မှု၊ ရခိုင်သို့ပြန်လာသည့် ပြည်သူများကို ဖမ်းဆီးထားမှု၊ လူမျိုးရေး ဘာသာရေး အမုန်းတရား ပွားများစေရန် လှုံ့ဆော်မှု ခြိမ်းခြောက်မှု၊  ရခိုင်လူမျိုးများကို သွားလာခွင့်များ ပိတ်ပင်တားဆီးကာ စစ်မှုထမ်းရန်ဖိအားပေးမှု၊ ရခိုင်အရပ်သားကျေးရွာများကို နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်မှု စသည့် လူမျိုးရေးအရ ဖိနှိပ်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

"ရခိုင်တွေကတော့ အခုလက်ရှိ ရှိနေတဲ့ မြန်မာနိုင်ငံအဝိုင်းအဝန်းထဲမှာ ရခိုင်တွေကို မထားချင်တော့ဘူး ဆိုရင်လည်းပဲ ရခိုင်တွေကတော့ ကိုယ်တို့ရဲ့ဖြစ်တည်မှုနဲ့ ရခိုင် အမျိုးသား တည်တံ့ရေး၊ ရခိုင်တွေရဲ့ လုံခြုံရေးတွေကို ကျနော်တို့ကတော့ အတတ်နိုင်ဆုံး စည်စည်းလုံးလုံး နဲ့ လုပ်ဆောင်သွားရမယ့် အပိုင်းဖြစ်တယ်။ သူတို့က လူမျိုးရေးအရ နှိပ်ကွက်လာတော့ ကျနော်တို့ရဲ့ ကံကြမ္မာကို ကျနော်တို့ ဖန်တီးသွားရမယ့်အပိုင်း ဖြစ် တယ်လို့ နားလည်ထားတယ်" ဟု ပြောသည်။

ယင်းအပြင် လူမျိုးရေးအရ ပစ်မှတ်ထား ဖိနှိပ် နှိပ်ကွက်မှုများ ဆက်လက်ပြုလုပ် နေအုံးမည်ဆိုပါက ရှေ့မှာဖြစ်ပျက်လာမည့် အကျိုးဆက်မှာ ပိုမိုကြီးမားလာလိမ့်မည်ဟု ဦးခိုင်သုခက သတိပေး ပြောဆိုသည်။

ရခိုင်ပြည်သူများကို စစ်ကောင်စီက အငြိုးထားဖိနှိပ်မှုများကြောင့် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် ရောက်ရှိ နေထိုင်နေကြသည့် သာမာန်ရခိုင်အရပ်သားများအနေဖြင့် စိုးရိမ် ထိတ်လန့်နေရာသလို သွားလာခွင့်များကို ပိတ်ပင် ကန့်သတ်ထား၍ အကျယ်ချုပ်နှင့် နေထိုင်ရသလိုမျိုး ခံစားနေကြရကြောင်း ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

"အေအေက အခုအချိန်မှာ သူ့အနေနဲ့ တစ်မြို့ပြီး တစ်မြို့ဆက်တိုက် သိမ်းလာနိုင်တဲ့အနေအထား ဖြစ်တယ်။ မကြာသော ကာလမှာ ရခိုင်တစ်ပြည်လုံးလည်း ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေအရရော၊ ကျနော်တို့ရဲ့ ဗိုလ်ချုပ်ရဲ့ အင်တာဗျူးအရရော ခွဲထွက်ဖို့အစီအစဥ် မရှိသေးဘူးလို့ဖြေထားတာ တွေ့ရတယ်။ ဒါပေမယ့် မြန်မာပြည်တွင်းမှာ တခြားတိုင်းရင်းသားတွေထက် ရခိုင်တွေဟာ ရခိုင်မလို့ပိုပြီး ဖိနှိပ်ခံနေရတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ဘာမှလည်း မဆိုင်ဘဲနဲ့ ရခိုင်လူမျိုးဖြစ်တာနဲ့ ခွဲခြား ဖိနှိပ်ဆက်ဆံခံနေရတယ်။ ဒီလိုလုပ်ရပ်က အစိုးရရဲ့  အမျိုးသား ရင်ကြားစေ့ရေးကို ပိုပြီးကင်းကွာသွားစေနိုင်တယ်” ဟု ၎င်းက ပြောကြားသည်။

ယခုကဲ့သို့ ဦးခိုင်သုကခက ထုတ်ဖော်ပြောဆိုလာမှုအပေါ်တွင်လည်း ၎င်းက ယခုလိုမှတ်ချက်ပြု ပြောဆိုသည်။

“ ရခိုင်လူမျိုးတွေလက်ရှိ ရင်ဆိုင်နေရတဲ့ အနေအထားတွေက အဆိုးရွားဆုံးရင်ဆိုင်နေကြရတယ်။ အစိုးရတစ်ရပ်ရဲ့ လူမျိုးရေးခွဲခြားမှုက အားလုံးအတွက် နာကျည်းစရာဖြစ်နေတယ်။  ဒါကြောင့် အေအေဘက်က အခုလို ထုတ်ဖော် ပြောလာတယ်လို့ ကျနော်မြင်ပါတယ်။ ပေါင်းနေလို့ အဆင်မပြေ သောကများနေရရင်တော့လည်း လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရမယ်လို့ ကျနော့် အနေနဲ့လည်း အဲသလိုမျိုး မြင်မိပါတယ်"ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်မှစတင်ခဲ့သည့် ရခိုင်စစ်ပွဲ ၄ လကျော်အတွင်း ရက္ခိုင့်တပ်တော်က မြို့နယ် (၉) ခုအထိသိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက ရခိုင်များအပေါ် ယခင်ကထက် လူမျိုးရေး ခွဲခြားကာ ဖိနှိပ်မှုပြုလုပ်လာသည်ဟု​ ၎င်းက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီသည် ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် အကြမ်းဖက်မှုများကို လုပ်ဆောင် နေသော်လည်း ရက္ခိုင့်တပ်တော်က စစ်ရေးအရ အနိုင်ရရှိနေသည့် အတွက် ရခိုင်ကို ပိုမို ဖိနှိပ်နေသည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း ယခုကဲ့သို့ ဖိနှိပ်မှုများသည် မြန်မာပြည်သူများ၏ သဘောဆန္ဒမဟုတ်ဘဲ စစ်ကောင်စီ၏ လုပ်ရပ်သာ ဖြစ်ကြောင်း မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က နိရဥ္စရာကို ပြောသည်။

"ဦးခိုင်သုခပြောသလို ရခိုင်ကို ပြည်ထောင်စုထဲက မလိုအပ်တော့ဘူးလားဆိုတဲ့ ကိစ္စဟာ ပြည်သူတွေရဲ့ ဆန္ဒမဟုတ်ဘူး။ စစ်ကောင်စီက လုပ်နေတဲ့ လူမျိုးရေး ခွဲခြားဖိနှိပ်မှုအလုပ်တွေ၊ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ တခြားတစ်ပြည်လုံးမှာ လုပ်နေသလို ရခိုင်ပြည်မှာလည်း လုပ်နေတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒ၊တခြားဒေသမှာရှိတဲ့ တိုင်းရင်သားပြည်သူတွေရဲ့ သဘောဆန္ဒ လုံးဝ မဟုတ်ဘူး။ ဒါကြောင့် ဒါကိုအကြောင်းပြုပြီး ရခိုင်ကို ပြည်ထောင်စုထဲက မလိုအပ်တော့ဘူးလား ဆိုတဲ့ စကားတွေက ရေရှည်တိုင်းပြည်တည်ဆောက်ရေးအတွက် အကျိုးမရှိတဲ့ အသုံးအနှုန်းဖြစ်တဲ့အတွက် အဲ့ဒါတွေမသုံးနှုန်းဖို့ ကျနော်ကတော့မေတ္တာရပ်ခံလိုပါတယ်။ဒါ ကျနော့ သဘောထားပါ"ဟု ပြောသည်။

ဆက်စပ် သတင်းများ