စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ပဋိပက္ခဖြစ်မည်ကို စိုးရိမ်၍ ဘူးသီးတောင်မှ ရခိုင်များအားလုံး မြို့ပေါ်ကိုစွန့်ခွာနေကြရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

သဥ္ဇာနွယ်၊ နိရဥ္စရာ ၂၂/ ၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် စစ်ကောင်စီ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ပဋိပက္ခဖြစ်လာမည်ကို စိုးရိမ်၍ မြို့ပေါ်နေ ရခိုင်များအားလုံး မြို့ကိုစွန့်ခွာသွားကြရပြီဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့တွင် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်မည်စိုးရိမ်၍ မြို့ပေါ်နေရခိုင်များအားလုံး မြို့ကိုစွန့်ခွာ နေကြရသည်ဟု ဘူးသီးတောင်မြို့မှ တိမ်းရှောင်လာသည့် သက်လတ်ပိုင်းအရွယ် ရခိုင် အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“ အခု အခြေနေက တော်တော်လေးကိုဆိုးနေတာ။ စစ်တပ်က နောက်ကွယ်ကြိုးကိုင်ပြီး သွေးထိုး လှုံ့ဆော်မှုတွေ လုပ်လာတဲ့အတွက် မွတ်ဆလင် တချို့က တစ်ရက်ထက် တစ်ရက် သောင်းကျန်းလာတယ်။ အိမ်တွေကို ခဲနဲ့ထုတယ်။ ဓားပြတိုက်တယ်။ ဖောက်ထွင်းမှု လုပ်တယ်။  ဆန္ဒပြတယ်။ ဒါကြောင့် ကိုယ့်ရခိုင်တွေ မြို့ကိုစွန့်ခွာနေကြရပြီ။ စိတ်မကောင်းဘူး” ဟုပြောသည်။

ယင်းအပြင် ဘူးသီးတောင်မြို့နယ် တောင်ဘဇားသို့ လမ်းသွားလမ်းလာပြုလုပ်နေသည့် ရခိုင်များကိုလည်း တားဆီးမှုများပြုလုပ်ထားသည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက နိရဉ္ရရာသတင်းဌာနကိုပြောသည်။

“ ဘူးသီးတောင်မြို့ကနေ တောင်ဘဇားကိုသွားတဲ့ ကူတိုးဆိပ် တို့မှာဆိုရင်လည်း မွတ်ဆလင်တချို့က စစ်တပ်အားကိုးနဲ့ အဟန့်အတားလုပ်ပြီး ဆရာခေါ်ခိုင်းတာတို့ အလေးပြုခိုင်းတာတို့လုပ်တယ်။ အဖမ်းအဆီးတောင်လုပ်နေကြပြီ။ စစ်ကောင်စီဖက်က  ဘယ်လောက်တောင် ဖိအားပေးပြီး သွေးထိုးထားလဲမသိဘူး” ဟုပြောသည်။

ဘူးသီးတောင်မြို့ပေါ်ဒေသခံများသည် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီ၏ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်ရသကဲ့သို့ လက်ရှိဖြစ်ပျက်နေသည့် မွတ်ဆလင်များ၏ ရန်နှင့်လည်း ရင်ဆိုင်နေရသဖြင့် စိုးရိမ်ကြောင့်ကြကာ နေအိမ်စွန့်ခွာလာရသည်ဟု ၄င်းကပြောသည်။

ဘူးသီးတောင်မြို့တွင် ရခိုင်နှင့်မွတ်ဆလင် လူဦးရေ ၃ သိန်း‌ ကျော်အထိ နေထိုင်ကြောင်း သိရသည်။

၎င်းပြင် စစ်ကောင်စီသည် ဘူးသီးတောင်မြို့နှင့် ၁၆ မိုင်သာကွာဝေးသည့် မောင်​တောတွင်လည်း အေအေအား ကန့်ကွက်ဆန္ဒပြရန် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များအား စည်းရုံး လှုံ့ဆော်မှုများရှိနေသည်ဟု သိရသည်။

မြန်မာစစ်အစိုးရအဆက်ဆက်သည် သူတို့အုပ်ချုပ်ရေး အာဏာတည်မြဲရန်အတွက်  ရခိုင်နှင့် မွတ်ဆလင် များအား သွေးခွဲပြီး အုပ်ချုပ်လာသဖြင့် ယခုကျဆုံးလုနီးပါးဖြစ်နေသည့် စစ်ကောင်စီ၏ သွေးခွဲအုပ်ချုပ်မှုကို နားမယောင်လိုအပ်ကြောင်း၊  နိုင်ငံရေးလှုပ်ရှားတက်ကြွသူများက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေး ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ယခု ဘူးသီးတောင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိရဉ္စရာသို့ ယခုလို ပြောကြားထားသည်။

“ ကြည့်ရတာ အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ အခုလို ရာနဲ့ချီပြီး လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာက တော်ရုံတန်ရုံ၊ သွေးရိုးသားရိုးဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးဆိုတာ အကုန်လုံးကသိကြတယ်။ ရိုဟင်ဂျာတွေက ဆယ်စုနှစ်ပေါင်းများစွာ လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ခံထားရတာက စစ်ကောင်စီကပဲလုပ်လို့ဖြစ်တာပါ။ သွားလာခွင့်တွေက အစ ပိတ်ပင်ခံရတာ‌တွေ၊ သန်းချီတဲ့ လူတွေ ထွက်ပြေးရတာတွေ၊ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးခံရတာတွေက ဒါတွေအားလုံးဟာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့်ဖြစ်တယ်။ ရုတ်တရက်ကြီး ဘူးသီးတောင်မြို့ပေါ်မှာ ရာချီတဲ့ကလေးသူငယ်တွေ အပါအဝင် လမ်းမပေါ်ထွက်ပြီးတော့ ဒီလိုထိရှလွယ်တဲ့ အချိန်မှာ လမ်းမပေါ်ထွက်ပြီးတော့ ဆန္ဒပြတယ် ဆိုတာက စစ်ကောင်စီရဲ့နောက်ကွယ်က လက်မည်းကြီးတွေ အများကြီးပါတာပေါ့” ဟု ပြောဆိုသည်။ 

ရခိုင်က တစ်မြို့ပြီးတစ်မြို့ လက်လွတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည်  ယခင်လုပ်နေကျအတိုင်း ရခိုင်နှင့် မွတ်ဆလင်များအကြား ပဋိပက္ခဖြစ်အောင် အကွက်ကျကျ ဖန်တီးလုပ်ဆောင်နေမှုကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်လာမည်ကို အများပြည်သူများက စိုးရိမ်နေကြသည်ဟု သိရသည်။

 

ဆက်စပ် သတင်းများ