တနင်္ဂနွေ၊ ဇွန်လ ၁၆ရက်၊ ၂၀၂၄

ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်း ရခိုင်ကိုလည်း ဦးတည်နိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 3.3k

(ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ သတိထားသွားလာကြရန်လို)


အိမ်စိုးဖြူ
နိရဉ္စရာ၊ မေ ၂၃/ ၂ဝ၂၄


ဘင်္ဂလားပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာပြီး အဆိုပါ မုန်တိုင်းနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ မေလ ၂၃ ရက်နေ့ နံနက်၉ နာရီခန့်က သတင်းထုတ်ပြန်သည်။

 

DMH-WRF Model ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကာ  ၂၆-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်ဟု ဖော်ပြသည်။

 

အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ခန့်မှန်း အရ ၎င်းမုန်တိုင်းသည်  ၂၆-၅-၂၀၂၄ ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်း တို့အကြားသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်ဟု ဖော်ပြသည်။

 

အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ခန့်မှန်းချက်အရ ၎င်းမုန်တိုင်းသည်  ၂၆-၅-၂၀၂၄ ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းတို့အကြားသို့ ဦးတည် ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်ဟု ဖော်ပြသည်။

 
အိန္ဒိယနိုင်ငံ ၊ Global Forecasting Model(GFS) Data ၏ မေလ ၂၂ရက်နေ့ တွက်ချက်မှုကို အခြေခံပြီး လာမည့် မေလ ၂၄ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိမည်ဖြစ်ပြီး အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားကာ ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ရွှေ့လျားမည်ဟု ဆိုထားပါသည်။

သို့အတွက်ကြောင့် မြန်မာ့ကမ်းရိုးတမ်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုကြရန် လိုအပ်ပါသည်။  


လွန်ခဲ့သည့် ၂ဝ၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က ရခိုင်သို့ ဦးတည်တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်မှ မြို့နယ်အများအပြားတွင် ဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသူ ပြည်သူတစ်သန်းကျော် အထိရှိခဲ့ပြီး လူရာနဲ့ချီ ထိခိုက်သေဆုံးမှုများရှိခဲ့ကြသည်။

ရခိုင်တွင် နှစ်စဉ်လိုလို မိုးရာသီရောက်တိုင်း မုန်တိုင်းဒဏ်ခံစားနေကြရသည့်အပြင်  တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူများနှင့် မုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများအနေဖြင့် ပြန်လည် ထူထောင်ရေးအကူအညီများ လုံလောက်စွာမရရှိခဲ့ကြကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ဆက်စပ် သတင်းများ