တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

ULA/AA၏ နိုင်ငံရေးရည်မှန်းချက် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကွန်ဖက်ဒရစ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဇွန် ၉ /၂၀၂၄

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (AA)သည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကွန်ဖက်ဒရစ်ကို အပြည့်အဝရအောင် တည်ဆောက်နေခြင်းသာဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသွားသည်။

သတင်းထောက်တစ်ဦး၏ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (AA)၏ နိုင်ငံရေး ရည်မှန်းချက်နှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဦးခိုင်သုခက ထိုသို့ ပြောဆိုသွားခဲ့သည်။

“ ကျွန်တော်တို့ ULA/AA အနေနဲ့ အရင်ပြောထားတဲ့ မူဝါဒ အတိုင်းပါဘဲ။ မူဝါဒအပြောင်းလဲမရှိပါ။ ဒီနေ့ ဒီအချိန်ထိ ကျွန်တော်တို့ ULA/AA ဟာ ခွဲထွက်သွားမယ်လို့ မပြောသေးပါဘူး။ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ ကွန်ဖက်ဒရစ်ကို အပြည့်အဝရအောင်ကျွန်တော်တို့ တည်ဆောက်နေခြင်းသာ ဖြစ်ပါတယ်။”

ULA/AA အနေဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည့် ကွန်ဖက်ဒရစ် လမ်းစဉ်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်သည့် အာရက္ခလူ့ဘောင်ကို တည်ဆောက်ရန် လိုလားကြောင်း၊ ရက္ခိတ လမ်းစဉ်ကို ချမှတ်ထားခြင်းမှာ ရက္ခိုင့်ကံကြမ္မာကို ရက္ခိုင်များကိုယ်တိုင် ဖန်တီးရန်ဖြစ်ကြောင်း၊ အာရက္ခပြည်ထဲတွင် နေထိုင်ကြသည့် လူမျိုးပေါင်းစုံ၏ တန်းတူညီမျှရေး၊ အခွင့်အရေးများနှင့် တာဝန်များကို ပီပြင်အောင်ဖော်ဆောင်၍ အနာဂတ်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း  ဦးခိုင်သုခက ပြောဆိုသွားခဲ့သည်။

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းတိုက်ပွဲများတွင် အာရက္ခတပ်တော်(AA) ထံအရေးနိမ့်လာနေပြီး အာရက္ခတပ်တော်အနေဖြင့် စစ်ရေးအရ အသာစီးရနေသော်လည်း ခွဲထွက်ရေးလုပ်ဆောင်သွားရန် အစီစဉ်မရှိဟု ပြောဆိုသည်။

မြန်မာပြည်ကို ဦးဆောင်ရန် NUG နှင့် စစ်အစိုးရတို့ကြားမည်သည့်အဖွဲ့အစည်းကို ထောက်ခံ သွားပါမလဲဟု မေးခွန်းကို  ပြောဆိုရှင်းလင်းရာတွင်လည်း  မြန်မာပြည်သူတရပ်လုံး၏ ဆန္ဒ သဘောထားအပေါ်တွင် မူတည်ကြောင်း  ဦးခိုင်သုခက ပြောဆိုသွားခဲ့သည်။

“စစ်အစိုးရနဲ့ NUG မှာ ဘယ်သူ့ကို အသိမှတ်ပြုမလဲဆိုတဲ့မေးခွန်းမှာ  ကျွန်တော်တို့ ဘက်က အမြင်ကတော့ မြန်မာပြည်သူတရပ်လုံးက ဘယ်သူ့ကို အသိအမှတ်ပြုသလဲ။  ဘယ်သူ့ကို ပိုပြီးတော့ လိုလားသလဲဆိုတဲ့ မြန်မာပြည်သူက အရည်ချင်းရှိတဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပြီးတော့ ဘယ်သူ ဆောင်ရွက်နိုင်လဲ ဆိုတဲ့အချက်တွေက ပိုပြီးတော့ အက္ခရာကျတယ်လို့မြင်ပါတယ်။ အဲဒါကြောင့် ပြည်သူတွေအတွက် အစိုးရတာဝန်ကို ဘယ်သူယူနိုင်မလဲဆိုတဲ့အချက်အပါ်မှာ မူတည်ပြီးတော့ ရွေးချယ်ရမယ်လို့ ကျွန်တော့်အနေနဲ့ ပြန်လည်ဖြေကြားလိုပါတယ်” ဟုပြောသည်။

မြန်မာပြည်သူတရပ်လုံးနှင့်အတူ မြန်မာပြည်သူလိုလားသည့် အစိုးရတရပ်ကို အာရက္ခတပ်တော်က ထောက်ခံသွားမည်ဟုဆိုသည်။

အာရက္ခတပ်တော်သည် အင်အားတောင့်တင်းပြီး ရခိုင်ပြည်တွင် စစ်ရေး အသာစီးရရှိနေပြီး တစ်ခြားတိုင်းရင်းသားဒေသများသာမက တိုင်းဒေသကြီးများတွင်  ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ (PDF) များနှင့် လက်တွဲပြီး တိုက်ပွဲဝင်နေသည်။

 

ဆက်စပ် သတင်းများ